သြဂုတ်လ၁၂ရက်နေ့တွင် ကျရောက်သော၇၁နှစ်မြောက် ကရင်အာဇာနည်နေ့အခမ်းအနားကိုကရင်အာဇာနည်တစ်ဦးဖြစ်သည့် စောဘဦးကြီး၏မွေးရပ်ဇာတိရွာတွင်ပြုလုပ်ခြင်းကိုကျင်းပခွင့်မပြုပဲ စစ်တပ်ကလာရောက်ပိတ်ပင်ခဲ့ကြောင်းသိရသည်။
“သူတို့ပိတ်တာဟုတ်ပါတယ်။အဲ့တာ သူတို့ပိတ်တော့အခြားရွာက ကျောက်တိုင်မှာသွားပြီးလုပ်ကြတယ်။အခြားရွာက ဘောလုံးကွင်းကျောက်တိုင်တစ်ခုမှာသွားလုပ်ကြတယ်။” ဒေသခံတစ်ဦးက MPAသို့ပြောသည်။
စောဘဦးကြီးဇာတိဖြစ်သည့် ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ် ဘဲဂရက်ကျေးရွာတွင် ၇၁ နှစ်မြောက် ကရင့်အာဇာနည်နေ့ကို မကျင်းပရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်တားမြစ်ပိတ်ပင်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
ယခင်နှစ်ကာလများက ကရင်အာဇာနည်နေ့တွင် စောဘဦးကြီး၏ ဇာတိရွာတွင် ဂါဝရပြုပန်းခွေချခြင်းအလေးပြုခြင်းများပြုလုပ်လေ့ရှိကြောင်းသိရသည်။
စစ်ကောင်စီအဖွဲ့ဝင်များက ဘဲဂရက်ရွာအဝင်တွင် စစ်ကောင်စီ၏ ရဲ၊ စစ်သားနှင့် အုပ်ချုပ်ရေးအဖွဲ့များသည် နံနက် ၅နာရီစတင်ကာကိုဗစ်ရောဂါကိုအကြောင်းပြပြီးတားမြစ်ခြင်းများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စောဘဦးကြီး သည် ကရင်အမျိုးသားအစည်းရုံး၏ ပထမဆုံး ခေါင်းဆောင်ဖြစ်ပြီး ကရင်တော်လှန်ရေးဖခင်ကြီးအဖြစ် သတ်မှတ်ခြင်းခံထားရသူဖြစ်သည်။
ကရင်အမျိုးသား အဖွဲ့ချုပ်ကို ဦးဆောင်ကာ ကရင်အမျိုးသားတို့၏ အခွင့်အရေးကို တွေ့ဆုံဆွေးနွေးပြီး အရေးဆိုခဲ့ရာမပြေလည်သောကြောင့် လက်နက်စွဲကိုင် တော်လှန်ခဲ့သူဖြစ်သည်။
၎င်းသည် ၁၉၀၅ တွင် မွေးဖွားပြီး ၁၉၅၀ ဩဂုတ် ၁၂ တွင် ကော့ကရိတ် ထို့ကိုကိုးတွင် ဗိုလ်[စိန်လွင်] ဦးဆောင်သည့် မြန်မာ့တပ်မတော်နှင့်ဖြစ်ပွားသောတိုက်ပွဲ၌ အသေဖမ်းဆီးခြင်းခံခဲ့ရသည်။
၎င်းသေဆုံးခဲ့သောနေ့ကိုအစွဲပြုပြီး ကရင့်တော်လှန်ရေးအတွင်း အသက်ပေးခဲ့ရသူအားလုံးအတွက် ကရင်အာဇာနည်နေ့ကို သြဂုတ်လ၁၂ရက်နေ့အဖြစ်သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။
ကရင်အာဇာနည်နေ့ကို တပ်မဟာနယ်မြေအသီးသီးနှင့် နေရာဒေသအသီးသီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ရန်ကုန်မြို့ရှိလူငယ်များကလည်း ဒီကနေ့တွင် “ကချင် ၊ကရင်အာဇာနည်အပေါင်းနဲ့လူမျိးပေါင်းစုံအာဇာနည်တွေကိုဂုဏ်ပြုကြောင်း”ပိုစတာနှင့် “အစိုးရအဆက်ဆက်မှ တိုင်းရင်းသားပြည်သူများအားကျူးလွန်ခဲ့တဲ့တရားမဲ့လုပ်ရပ်များအတွက် လူငယ်များမှတောင်းပန်ပါတယ်”ဟူသောပိုစတာများကိုကိုင်ဆောင်ပြီး လမ်းမပေါ်ထွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။