By MPA
နေပြည်တော်ကောင်စီနယ်မြေအတွင်း COVID -19 ရောဂါပိုးကူးစက်မှုမြင့်တက်နေသဖြင့် နာ မည်ကြီးဈေးကြီးများအပါ ဈေးနှင့် အရောင်းဆိုင်ခန်းများ အားလုံးကို
ဇူလိုင် ၅ ရက် မနက်ပိုင်းက စတင်၍ ဖွင့်လှစ်ရောင်းချခွင့် ပိတ်ပင်လိုက်ကြောင်း သတင်းရရှိသည်။
ဈေးနှင့် အရောင်းဆိုင်ခန်းများအားလုံးပိတ်သိမ်းခဲ့သော်လည်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် များနှင့် မုန့်၊ အခြေခံစားကုန်စသည့်အရောင်းဆိုင်များအား ဆက်လက်ခွင့်ပြုထားမည်ဖြစ်ကြောင်း သိရသည်။
“ မနေ့ကစပြီး ဈေးတွေပိတ်ပြီလို့လိုက်ကြေငြာတယ်။ ကူးနေတဲ့ လူတွေကလည်း မနည်းတော့ဘူးဆိုတော့ လူစုလူဝေးမဖြစ်အောင်ပေါ့။ ဆေးရောင်းတဲ့ဆိုင်တွေနဲ့ အခြေခံ စားကုန် ခေါက်ဆွဲထုပ်တို့ ငါးခြောက်ငါးခြမ်းလေးတွေရောင်းတဲ့ဆိုင်လေးတွေတော့ ဖွင့်ခွင့်ပြုထားတယ်“ ဟု နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ ဝန်ထမ်းတစ်ဦးက MPA ကိုပြောသည်။
နေပြည်တော်အတွင်းရှိ လက်ဘက်ရည်ဆိုင်များနှင့် အခြားစားသောက်ဆိုင်များကိုလည်း ဇူလိုင်လ ၅ ရက်နေ့မှစ၍ ဆိုင်ထိုင်စားခွင့်မပြုဘဲ ပါဆယ် စနစ်ဖြင့်သာ ရောင်းချရန်ညွှန်ကြားထားကြောင်း သိရသည်။
ယင်းသို့ လူစုလူဝေးမဖြစ်ပေါ်စေရန် ပွဲလမ်းသဘင်အခမ်းအနားများ မပြုလုပ်ရန်နှင့် ဈေးများပိတ်သိမ်းရန် ညွှန်ကြားထားသော်လည်း စာသင်ကျောင်းများ ဆက်လက်ဖွင့်ထားဆဲဖြစ်သည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း COVID- 19 အတည်ပြုလူနာ ၂၀၀၀ ကျော်ထိ ကူးစက်ခံထားရပြီး သေဆုံးသူ ၂၀ ဦးခန့်ရှိကြောင်း နေပြည်တော်ကောင်စီရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။