By MPA
မန္တလေးတွင် စစ်ကောင်စီက သံဃသမဂ္ဂ (မန္တလေး) နှင့် မသက်ဆိုင်သည့် သံဃာနှစ်ပါးကို စာအံကျောင်းတက်နေချိန်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဆရာတော်နှင့် နီးစပ်သူများက ပြောသည်။
နိုဝင်ဘာ ၂ ရက်နေ့၊ ည ၇ နာရီခန့် အချိန်တွင် မိုးကောင်းကျောင်းတိုက်အတွင်းသို့ စစ်အုပ်စုက ဝင်ရောက်စီးနင်းပြီး ဆရာတော်နှစ်ပါးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်မေးစရာတွေရှိတယ်။ အဲဒီအတွက် ခဏခေါ်သွားမယ်ဆိုပြီးတော့ ဖမ်းသွားတယ်။ အခုအချိန်အထိ သတင်းမရသေးဘူး” ဟု ဆရာတော်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။
အကြမ်းဖက် စစ်ကောင်စီတပ်သားများက ယခုလ ၂ ရက်နေ့ (၁) နာရီခန့်တွင် မန္တလေးမြို့ မိုးကောင်းကျောင်းတိုက်အတွင်း ယခင်က သီတင်းသုံးနေထိုင်ခဲ့သော သံဃသမဂ္ဂ ဦးဆောင်ရဟန်းတစ်ပါးကို ဝင်ရောက်ရှာဖွေဖမ်းဆီးဖို့ကြိုးစားခဲ့ကြောင်း သံဃသမဂ္ဂမှ သိရသည်။
၎င်းတို့ ဖမ်းဆီးလိုသော သံဃသမဂ္ဂ ဦးဆောင်ရဟန်းတော်ကို ဖမ်းမမိသောကြောင့် သံဃသမဂ္ဂ (မန္တလေး) နှင့် လုံးဝပတ်သက်ဆက်နွှယ်ခြင်းမရှိသော ဦးအဇ္ဇုနနှင့် ရှင်ကုသလတို့ကို စာအံကျောင်းတက်နေချိန်တွင်ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သံဃသမဂ္ဂ (မန္တလေး) အသိပေးထားသည်။
စစ်မေးရန်အတွက်ဟုပြောဆို ခေါ်ဆောင်သွားသော်လည်း ဖမ်းဆီးခဲ့ပြီးနောက် ယနေ့အချိန်အထိ သတင်းမကြားရသလို ပြန်လည်လွတ်မြောက်ခြင်းလည်း မရှိသေးကြောင်း သိရသည်။
သံဃသမဂ္ဂ ဦးဆောင်သံဃာတော်ကို ဖမ်းမမိသည့်အတွက် အခြားသံဃာများကို ပြန်ပေးဆွဲသလို ဖမ်းဆီးချုပ်နှောင်ထားခြင်းအား သံဃသမဂ္ဂ(မန္တလေး) မှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချထားသည်။
“ ဦးအဇ္ဇုန နှင့် ရှင်ကုသလတို့အား ညှဉ်းပန်း နှိပ်စက်ခြင်းကြောင့် ကျန်းမာရေးနှင့် အသက်အန္တရာယ်တစ်စုံတရာဖြစ်ခဲ့ပါက အကြမ်းဖက် ဖမ်းဆီးခဲ့သူများသာ တာဝန်ခံ တာဝန်ယူကြရမည်” ဟု သံဃသမဂ္ဂ (မန္တလေး) ကထုတ်ဖော်ပြောဆိုသည်။
ပြီးခဲ့သည့်လ ၃၀ ရက်နေ့ကလည်း သံဃသမဂ္ဂ (မန္တလေး) ၏ ဦးဆောင်သံဃာတစ်ပါးနှင့် အခြားသပိတ်ကော်မတီက လူငယ် ၄ ဦးကို စစ်အုပ်စုက ဖမ်းဆီးခဲ့သည်။
သံဃသမဂ္ဂ (မန္တလေး)က စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်လှုပ်ရှားမှုများကို ယနေ့အထိ လုပ်ကိုင်နေပြီး အာဏသိမ်းစစ်တပ်ကို ကန့်ကွက်နေခြင်းဖြစ်သည်။