လောက်ကိုင်တွင် ဗိုလ်မှူးချုပ်၆ဦးအပါအဝင် စစ်သား၂၀၀၀ ကျော်တို့ လက်နက်ချအညံ့ခံလိုက်သော ဇန်နဝါရီ၄ရက်နေ့၌ တပ်ပျက်ဗိုလ်လုပ်နေသော မင်းအောင်လှိုင် မှာမူ မလျှော့သောဇွဲလုံ့လဖြင့် လွတ်လပ်ရေး နေ့ အဆင်တန်ဆာများကြား နိုင်ငံ့ခေါင်းဆောင်ကြီးအသွင် ဂုဏ်ဆာနေ ဆဲပင်ဖြစ်သည်။
လွတ်လပ်ရေးနေ့တွင် နိုင်ငံ့ခေါင်းဆောင်တို့၏ ပြုမြဲအစဉ်အလာအဖြစ် မင်းအောင်လှိုင်၏ မတော် လောဘ ရူးမိုက်အာဏာအတွက် ပြောင်မြောက်စွာလုံ့လစိုက်ကြကုန်သော ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင် ဘွဲ့များချီးမြှင့်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။ထို့အပြင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းသား၉၀၀၀ကျော်ကို လွတ် ငြိမ်းခွင့်ပေးခြင်းနှင့် ထိုနေ့ညတွင်လည်း လွတ်လပ်ရေးနေ့အထိအမှတ် ဂုဏ်ပြုညစာစားပွဲ၊ သံတမန်အချို့နှင့် မင်းအောင်လှိုင် ဝိုင်ခွက်မြှောက်ကာ အောင်ပွဲခံ ခေါင်းပေါင်းစ တလူလူလွင့်လို့နေသည်။
ထိုသို့ မင်းအောင်လှိုင် အောင်ပွဲခံ ဂုဏ်ဆာနေသည့် ဇန်နဝါရီ၄ရက်၊မွန်းလွဲ၂နာရီတွင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ဒစက-လောက်ကိုင်က ဗိုလ်မှူးချုပ်၆ဦး၊တပ်ဖွဲ့ဝင် ၂၁၀၀ကျော်နှင့်မိသားစုဝင် ၁၆၀၀ကျော်တို့ကို ကိုးကန့်တပ်မတော်MNDAA က အသက်ချမ်းသာပေးကာ ၎င်းတို့သွားလိုရာအရပ်သို့ ပို့ဆောင်ခဲ့ကြောင်း ညီနောင်၃ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ဇန်နဝါရီ၅ရက်တွင်လည်း လောက်ကိုင်၊နမ်ထင်းမိန်ရှန်းတပ်စခန်းက စစ်ကောင်စီတပ်သား ၂၆၆ဦးတို့ ထပ်မံ လက်နက်ချပြန်သဖြင့် ၂ရက်တာ စုစုပေါင်းလက်နက်ချသူ ၂၃၈၉ဦးအထိရှိခဲ့ပြီး ယင်းသည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်းတွင်မက စစ်အာဏာရှင်များသက်တမ်းတစ်လျှောက် တပ်သားအင်အားအ များဆုံး လက်နက်ချပွဲကြီးအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။
ထိုသို့သော လက်နက်ချပွဲကြီးကို “ဖက်ဆစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နောက်ဆုံးထွက် သက်နေ့ရက်များအတွက် နှစ်သစ်အကြိုနိဒါန်းပင်ဖြစ်သည်”ဟု ညီနောင်၃ဖွဲ့က မှတ်ချက်ပြုခဲ့သည်။
ဆက်လက်ပြီး ညီနောင်၃ဖွဲ့က “ယနေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့တွင် ထောင်ချီသော တပ် ဖွဲဝင်များပါဝင်သည့် ဒကစ (လောက်ကိုင်) တစ်ခုလုံးအပါအဝင် ၎င်းပတ်ဝန်းကျင်အတွင်း ရှိသမျှသော တပ် ရင်း စခန်းအားလုံးတို့မှ “ခွေးတစ်ကောင်၊ ကြောင်တစ်မြီး” ပါမကျန် လက်နက်ချအညံ့ခံခဲ့ကြပြီး ကိုးကန့် (လောက်ကိုင်) တခွင်လုံးသည် “စစ်ကောင်စီ ကင်းစင်သည့်နယ်မြေ’ ဖြစ်ခဲ့ပြီ ဖြစ်သည်။ ဤမြင်ကွင်းမှာ “မြန် မာ့တပ်မတော်” ဟုခေါ်သော စစ်ကောင်စီသမိုင်းတွင် စစ်အာဏာရှင်စနစ်နိဂုံးချုပ်မည့် အကြိုနေ့ရက်များပင် ဖြစ် သည်”ဟုလည်း ထုတ်ပြန်ခဲ့သည်။
မင်းအောင်လှိုင်နှင့်လက်တစ်ဆုပ်စာစစ်ဗိုလ်ချုပ်များအတွက် ထောင်နှင့်ချီသောလက်နက်ချပွဲကြီးကို အလေးမထား ဂရုမစိုက်သလိုဖြင့် လွတ်လပ်ရေးနေ့ညစာစားပွဲ ဂုဏ်ပြုဖျော်ဖြေပွဲအစီအစဉ်၌ နားသောတ ရှင် ပျော်ဝင်နေနိုင်သော်လည်း စစ်ကောင်စီတပ်အတွင်းတွင်မူ တစ်လှိုင်းပြီး တစ်လှိုင်း ဝင်ဆောင့်နေသလို တစ် သုတ်ပြီးတစ်သုတ် လက်နက်ချနေခြင်းက စိတ်ဓာတ်ကျဆင်းခြင်းမှသည် ဆောက်တည်ရာမရခြင်းဆီ သို့ ဆောင့်တွန်းခံနေရပြီဖြစ်သည်။
လောက်ကိုင်မြို့သည် MNDAA လက်အောက်သို့ လုံးလုံးလျားလျား ကျရောက်သွားပြီဖြစ်သော်လည်း စစ်ကောင်စီအတွက် နောက်ဆက်တွဲ ဆင့်ကဲအပူမီးတို့က ခုန်ဟပ်နေသဖြင့် မပြီးနိုင်သေး။ပထမအပူမီးမှာ ဇန် နဝါရီ၃ရက်က လောက်ကိုင်ဘက်မှ ပစ်လိုက်သည့်လက်နက်ကြီးကျည် တရုတ်နိုင်ငံထဲကျရောက်ပြီး တရုတ် ပြည်သူ ၅ဦးထက်မနည်း ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ယင်းအပေါ် တရုတ်အစိုးရက အပြင်းအထန်ကန့်ကွက်ခဲ့ပြီး တရုတ်နိုင်ငံသားတို့၏အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရေး လိုအပ်သလို တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့ သည်။
စစ်ကောင်စီအတွက် နောက်ထပ်အပူမီးမှာ လောက်ကိုင်တိုက်ပွဲများကြား ထွက်ပြေးလွတ်မြောက်နေ သော ကျားဖြန်ဂိုဏ်းချုပ်များအရေးဖြစ်သည်။ဒီဇင်ဘာ၁၀ရက်တွင် လောက်ကိုင်ကျားဖြန် လုပ်ငန်း၏ ခေါင်း ပေါင်းကြီးများအဖြစ် တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ခဲ့သော စစ်ကောင်စီဩဇာခံ၊ကိုးကန့်ခေါင်းဆောင် ဟောင်း၊ပြည်ခိုင်ဖြိုးအမတ် ပယ်ဆောက်ချိန်အပါအဝင် ၁၀ဦး ပျောက်ဆုံးနေမှုဖြစ်သည်။
၎င်းတို့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေများထဲ ငွေပုံပေးပြီး ခိုလှုံနေသယောင် စစ် ကောင်စီပြောခွင့်ရက ဆိုသော်လည်း တရုတ်အစိုးရက ယုံကြည်မည်မဟုတ်ပေ။တရုတ်ပြည်သူတို့၏ငွေ ပေါင်း မြောက်မြားစွာကိုလိမ်လည်ကာ ဘဝများစွာကို ဖျက်ဆီးခဲ့သော ကျားဖြန်ဂိုဏ်းချုပ်တို့ ပျောက်ဆုံးနေခြင်း သည် တရုတ်အစိုးရအတွက် ဒေါသူပုန်ထစရာ။ထို့ကြောင့်လည်း ဇန်နဝါရီ၅ရက်တွင် တရုတ်ဒုနိုင်ငံခြားရေးဝန် ကြီး နှင့်အဖွဲ့ နေပြည်တော်သို့ မျက်နှာထားတင်းတင်းနှင့်ရောက်ရှိလာခြင်းဖြစ်နိုင်သည်။
မင်းအောင်လှိုင် မည်သို့ ဆက်ရွေ့မည်နည်း။၁၀၂၇စစ်ဆင်ရေးမှစတင်ကာ ဖရိုဖရဲဖြင့် ဆုတ်ပြေးနေ ရသော စစ်ကောင်စီမှာ မှားယွင်းသော ဆုံးဖြတ်ချက်များစွာကြောင့် ချောက်ကမ်းပါးဆီသို့ရောက်ရန် သိပ် မ ဝေးတော့ဟုထင်သည်။မိုက်ဂုဏ်မြင့်ရုံမျှဖြင့် တိုင်း ပြည်ခေါင်းဆောင်လုပ်ချင်၍မရကြောင်း အဖြစ်အပျက်များ စွာက သက်သေပြနေပြီဖြစ်သည်။