တရွေ့ရွေ့ တမျှော်မျှော်ဖြင့် လက်ထိုးလှော်ခဲ့သော နွေဦးတော်လှန်ရေးမှာ ၂၀၂၃ခုနှစ် နှစ်ကုန်သို့ ရောက်သောအခါ စစ်ကောင်စီရင်ဝတည့်တည့် ဓားစိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း လက်တွေ့ဖြစ်ရပ်များက သက်သေ ခံနေ ပြီ ဖြစ် သည်။
၁၀၂၇စစ်ဆင်ရေးဟုဆိုသည်။၂၀၂၃ခုနှစ် ပထမ၆လတာကို ကျော်လွန်ခဲ့ပြီးနောက် ဒေသအလိုက် စစ်ရေး အရှိန်ကို နိုင်သလောက်မြှင့်တင်ခဲ့ရာမှ အောက်တိုဘာ၂၇ရက်သို့ ရောက်သောအခါ ထန်ပြင်းလှသော မြားအစင်း စင်းတို့မှာ ဟုတ်လှပြီထင်နေသော မင်းအောင်လှိုင်တပ်ကို ထိုးခွဲခဲ့သည်။
မင်းအောင်လှိုင်တပ်မှာ သူတင်ကိုယ်တင် မည်သို့မျှ မယှဉ်နိုင်။ထို့ကြောင့် စစ်ကောင်စီ၏ ပုံသေနည်းကျ ဖော်မြူလာအတိုင်း လက်နက်ကြီးပစ်ကူနှင့် လေကြောင်းတိုက်ခိုက်မှုတို့ဖြင့် ကျားကန်ခဲ့ရသည်ချည်းဖြစ်သည်။ ထို့သို့ တိုင်းပြည်ဘဏ္ဍာ လက်နက်ခဲယမ်း ကုန်ကျစရိတ်များစွာဖြင့် ကျားကန်ခဲ့သည့်တိုင် အလောင်းပင်လယ် ဝေခဲ့သည် မှာလည်း အရှုံးပေါ် အရှုံးထပ်နေသော မင်းအောင်လှိုင်တပ်ပင်ဖြစ်သည်။
စခန်းပေါင်းအလီလီ ကျခဲ့သည်။အထိနာသည်နှင့် ဆုတ်ခွာ ထွက်ပြေးကြမှုမှာလည်း ကိုယ့်တိုင်းပြည်ကို ကျော်၊ကူပါကယ်ပါ တစာစာဖြင့် အိန္ဒိယရောက်သည်အထိဖြစ်သည်။အလံဖြူထောင် ခေါင်းငိုက်စိုက်ချ လက် မြှောက်ထွက်လာသောမင်းအောင်လှိုင်သစ္စာခံစစ်သားများမှာလည်း ဆက်တိုက်ဆိုသလိုပင်။ထို့ကြောင့် “ငါမသေ ငါ့စခန်းမကျစေရ”ဆောင်ပုဒ်မှာ သမိုင်းတွင် ကျန်ခဲ့ပြီဖြစ်ကြောင်း ညီနောင်၃ဖွဲ့က မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
ညီနောင်၃ဖွဲ့က စိတ်ထဲတွေ့ရာ ပြောကြားလိုက်ခြင်းမဟုတ်။၁၀၂၇စစ်ဆင်ရေး ၂လတာကာလအတွင်း ရှမ်းမြောက်တခွင် မြို့၉မြို့နှင့် စစ်တပ်စခန်းပေါင်း၃၁၀ကျော်ကို သိမ်းပိုက်ပြကာ လက်တွေ့မျက်မြင် ပြော ကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် တအောင်းတပ်မတော် TNLA က နမ့်ဆန်မြို့၊နမ့်ခမ်းမြို့၊မန်တုံမြို့၊ မိုင်းလုံမြို့နှင့် နမ္မတူမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ကာ ၂၀၂၃ခုနှစ်၏ နောက်ဆုံးလ ဒီဇင်ဘာတွင် ရဲဝံ့စွာ အောင်လံလွှင့်ထူပြခဲ့သည်။ ၁၀၂၇စစ် ဆင်ရေးနှင့်အပြိုင် မင်းအောင်လှိုင်တပ်ကို စိန်ခေါ်နေသော နိုင်ငံအနှံ့က စစ်ဆင်ရေးတို့သည်လည်း အောင်လံတ လူလူလွှင့်ကာ ရှေ့သို့ချီလျက်ပင်ဖြစ်သည်။
စစ်ကောင်စီ ရှုံးပြေး ပြေးခဲ့ရသော တပ်စခန်းများစွာနှင့် မြို့များကို မည်သို့ ပြန်လည်ရယူမည်နည်း။ မင်း အောင်လှိုင်တပ်၏ လတ်တလောတုံ့ပြန်နိုင်စွမ်းမှာ ထိချင်ရာထိ လက်နက်ကြီးဖြင့် လှမ်းပစ်ခြင်းနှင့် လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်ခြင်းကလွဲ၍ မြေပြင်စစ်ကြောင်းချီ ရင်ဆိုင်တိုက်ပွဲဝင်နိုင်ခြင်း မရှိပေ။
၂၀၂၃ခုနှစ်အတွင်း အရှုံးကြီးခဲ့သော စစ်ကောင်စီ၏ နောက်ထပ်အရှုံးတစ်ခုမှာ နေပြည်တော်ကျည်ကာမှန် ခန်းထဲမှ ညွှန်ကြားချက်များ ထုတ်ပြန်ကာ အသေခံခိုင်းနေသော စစ်ဗိုလ်ချုပ်များအပေါ် မြေပြင်စစ်သားများက ယုံ ကြည်မှု ပျက်ပြားလာခြင်းပင်ဖြစ်သည်။
ထို့ကြောင့်ပင် ရှမ်းမြောက်ဒေသတွင် တပ်ရင်းနှင့်ချီကာ မိသားစုဝင်များပါမကျန် အလင်းဝင်ခဲ့ခြင်းဖြစ် သည်။နေပြည်တော်စစ်ဗိုလ်ချုပ်တို့မှာ စခန်းမကျရေးနှင့် မြို့မကျရေးကိုသာ ရာနှုန်းပြည့်အာရုံပြုသောကြောင့် စစ် သားများ အသေခံကြရန်သာ အသံမဲ့ တောင်းဆိုခဲ့ပြီး မည်သူ့ကိုမျှ ကယ်ထုတ်ခဲ့ခြင်းမရှိပေ။ယင်းသို့သောအခြေအ နေတွင် ကိုယ့်အသက်ကိုယ် တော်လှန်ရေးတပ်ဖွဲ့များ လက်သို့ ဝကွက်အပ်လိုက်ခြင်းသည်သာ မှန်ကန်သောရွေး ချယ်မှုဖြစ်ကြောင်း အောက်ခြေအရာရှိ၊အရာခံ၊ အကြပ် စစ်သားများ ကောင်းကောင်းသိရှိလာကြပြီဖြစ်ပြီး ယင်းမှာ မင်း အောင်လှိုင်တပ်အတွင်း အရေးပါသော အက်ကြောင်းကြီးလည်းဖြစ်သည်။
သေချာသည်။၂၀၂၃ခုနှစ်သည် အောင်မြေကို စတင်လှမ်းမြင်ရပြီဖြစ်သော နှစ်ဖြစ်သည်။ထိုသို့သော ၂၀၂၃ ခုနှစ်သို့ ရောက်ရှိရန် ပျိုမြစ်အရွယ် မြသွဲ့သွဲ့ခိုင်မှစ၍ အသက်သွေးများစွာကို ကျွန်ုပ်တို့ ပေးဆပ်ခဲ့ရသည်။ကျွန်ုပ် တို့ဆန္ဒပြခဲ့ကြသည်။ကျွန်ုပ်တို့ သံပုံးတီး တောထုတ်ခဲ့ကြသည်။ကျွန်ုပ်တို့ ‘ရုံးမတက်နဲ့၊ရုန်းထွက်’ခဲ့ကြသည်။ထို့ နောက် ကျွန်ုပ်တို့လူငယ်များစွာ သေနတ်ကိုင်ခဲ့ကြကာ များစွာသောပြည်သူတို့က သူတနိုင် ကိုယ်တစ်ဖဲ့ ထမ်းပိုးခဲ့ ကြသည်။ကျောက်သားရင်ပြင်ထက်တွင် ခိုင်ခိုင်မာမာ အမြစ်တွယ်ကာ အညွန့်တလူလူတက်ခဲ့ခြင်းမှသည် ၂၀၂၃ တွင် အောင်သီးအောင်နှံများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
၂၀၂၃ခုနှစ်က ကိုယ့်အားကိုယ်ကိုးကြရန် သက်သေပြချက်များစွာဖြင့် ကျွန်ုပ်တို့ကို သင်ကြားပေးခဲ့သည်။ ညီနောင်၃ဖွဲ့က ‘ကိုယ်တိုက်မှကိုယ်ရမည်’ဟု တပ်စခန်းများစွာ၊မြို့များစွာနှင့် သိမ်းဆည်းရမိသောလက်နက်ခဲ ယမ်းများစွာဖြင့် ကြွေးကြော်ပြခဲ့သည်။
၂၀၂၄ခုနှစ်တွင် ၂၀၂၃ခုနှစ်က သင်ကြားပေးခဲ့သော ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ်ကို အရင်းတည်ကာ ညီညွတ်မှုခွန်အားဖြင့် ပြိုင်တူဆက်တွန်းမည်ဆိုပါက စစ်အာဏာရှင်တစ်သိုက် ဒူးထောက်ရမည်မှာ အသေအ ချာပင် ဖြစ် သည်။