By Kaung Mart Naing / MPA
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ စစ်တွေ-ရန်ကုန်အဝေးပြေးကားလမ်းမကြီး၏ ဘယ်ဖက်သို့လှမ်းကြည့်လိုက်ပါက တောင်ခြေရင်းတွင် တဲအိမ်စုများကို တွေ့မြင်ရသည်။
ထိုနေရာသို့ သွားရာလမ်းရှိသော်လည်း ခြေလျင်တစ်ခုတည်းဖြင့်သာ နာရီဝက်ခန့် ရေအိုင်များ၊ ဝါးတံတားငယ်များကို ဖြတ်ကျော်သွားရသည်။
ထိုနေရာမှာ ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ရှိ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းပင်ဖြစ်သည်။
အဆိုပါစခန်းထဲသို့အရောက်တွင် အသက် ၃၀ ကျော်ခန့်ရှိ အမျိုးသမီးတစ်ဦးက အဆင်သင့်စောင့်ကြိုနေသည်။
သူမမှာ ယင်းစခန်းမှ အမျိုးသမီးခေါင်းဆောင်၊ စခန်းတာဝန်ခံ မအေးခင်ဖြစ်ပြီး သူမမှာ စခန်းရှိအမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် စိန်ခေါ်မှု၊ အခက်အခဲများကို တာဝန်ယူ ဖြေရှင်းပေးနေရသူလည်းဖြစ်သည်။
” သူမတို့ရေချိုးတာကအစ၊ သူမတို့ကျန်းမာရေး၊ ပြီးတော့ လုံခြုံရေး၊ အိမ်သာတက်တာ၊ ရေချိုးတာကအစ တစ်ခုခုဖြစ်ရင် မအေးခင်(ကျွန်မ)ကို တိုင်ကြတယ် ” ဟု တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတာဝန်ခံအမျိုးသမီး မအေးခင်က ပြောပြသည်။
အဆိုပါတောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှာ မြို၊ ခမီလူမျိုး စစ်ဘေးရှောင်များ နေထိုင်နေကြပြီး ကျောက်တော်မြို့နယ် ပညာဝကျေးရွာ၊ ပါချေကျေးရွာ၊ ငစွေကျေးရွာတို့မှ စစ်ဘေးရှောင်လာသူများဖြစ်သည်။
ထိုစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၉၅ စုမှ လူဦးရေ ၅၂၄ ဦး ခိုလှုံနေကြခြင်းဖြစ်သည်။ အဆိုပါစစ်ဘေးရှောင်များမှာ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလက ရက္ခိုင့်တပ်တော်(အေအေ)နှင့် မြန်မာစစ်တပ်တို့ကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ထွက်ပြေးလာခဲ့ကြသူများဖြစ်ရာ ထိုစခန်းမှာ ၃ နှစ်နီးပါးကြာမြင့်နေကြပြီဖြစ်သည်။
ထိုတောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသ၊ တောင်မင်းကုလား မြိုလူမျိုးကျေးရွာအဝင်ဝ ဘယ်ဖက်တောင်ခြေအနီးတွင် တည်ရှိသည်။
ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်မှ စစ်ဘေးရှောင်စခန်းတချို့တွင် ကိုဗစ်ပိုးတွေ့လူနာများရှိခဲ့ပြီး စခန်းတစ်ခုလုံးကို ယာယီပိတ်ထားရသည့်အပြင် အခက်အခဲများလည်း ကြုံတွေ့ခဲ့ကြရသည်။ ထိုအထဲတွင် တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတာဝန်ခံ မအေးခင်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။
” မအေးခင်(ကျွန်မ)က ကိုယ့်မှာကိုဗစ်ဖြစ်နေတာမသိဘူး။ အမျိုးသမီးတွေနဲ့လည်း အစည်းအဝေးတွေလုပ်တယ်။ ကလေးတွေနဲ့လည်းတွေ့တယ်။ နို့တစ်ခွက်သောက်မယ်လုပ်တော့ အနံ့မရဘူး။ အဲ့အချိန်မှာ ကိုဗစ်ဖြစ်နေတာကို သိလိုက်တာပါ ” ဟု သူမက ရှင်းပြသည်။ သူမကိုယ်သူမ ကိုဗစ်ဖြစ်နေကြောင်း သတိထားလိုက်မိချိန်၌ သူမအပါအဝင် သူမနေအိမ်အနီးအနားတွင် နောက်ထပ်ကိုးဦးထိ ကိုဗစ်ပိုးကူးစက်ခံထားရပြီးဟုလည်း ဆိုသည်။
ထိုသူများမှတဆင့် စခန်းရှိလူအများအပြား ကိုဗစ်ရောဂါပိုးကူးစက်ခံရသည်ကို မြို့နယ်ကျန်းမာရေးဌာနသို့ ဖုန်းဆက်အကြောင်းကြားခဲ့သော်လည်း ရက်အနည်းငယ်ကြာမှ လာရောက်ကြည့်ရှု့ပေးကြောင်း မအေးခင်က ဆိုသည်။
ထို့အပြင် သူမအပါအဝင်စခန်းရှိ စစ်ဘေးရှောင်အများစု ကိုဗစ်ရောဂါပိုးကူးစက်ဖြစ်ပွားနေမှုကို ဒေသတွင်းမီဒီယာများသို့ ပြောဆိုဖြေကြားမှုများကိုလည်း ဌာနဆိုင်ရာတချို့က ပြစ်တင်ကြိမ်းမောင်းမှုများရှိခဲ့ကြောင်းလည်း သူမက ရှင်းပြသည်။
ထိုစစ်ဘေးရှောင်စခန်းတွင် မအေးခင်၏ခင်ပွန်းသည်မှာ စခန်းတစ်ခုလုံး၏ တာဝန်ခံဖြစ်ပြီး မအေးခင်ကို ထိုစခန်းရှိ အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် ခေါင်းဆောင် (တာဝန်ခံ)အဖြစ် ပါဝင်လုပ်ကိုင်စေခြင်းဖြစ်ကြောင်း မအေးခင်က ရှင်းပြသည်။
ထိုသို့ သူမကိုယ်တိုင် ကိုဗစ်ရောဂါပိုးကူးစက်ခံနေရကာ အသက်အန္တရာယ်ကို ရင်ဆိုင်နေရသော်လည်း အခြားကူးစက်ခံနေရသည့် အမျိုးသမီးများ၊ ကလေးသူငယ်များအတွက် အတတ်နိုင်ဆုံးကြိုး စားလုပ်ဆောင်ပေးခဲ့သဖြင့် သေဆုံးမှုများမရှိခဲ့ကြောင်းလည်း သူမကဆိုသည်။
အမျိုးသမီးများကိုယ်စားပြုပါဝင်မှု
ကမ္ဘာ့ကုလဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR1325)တွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၌ အမျိုးသမီးများ၏ ကိုယ်စားပြုပါဝင်မှု (Participation)ကို အဓိက ညွှန်းဆိုဖော်ပြထားသည်။
ထိုသို့ အမျိုးသမီးများ၏ ကိုယ်စားပြုပါဝင်မှု(Participation)ကို အစိုးရအဆက်ဆက်က ဦးဆောင်ဖော်ဆောင်ပေးမှု အားနည်းခဲ့သကဲ့သို့ စစ်ဘေးရှောင်စခန်းတာဝန်ခံများထဲတွင်လည်း အမျိုးသမီးခေါင်းဆောင်မှာ အလွန်နည်းပါးနေသည်ဟု အမျိုးသမီးအဖွဲ့များက ဆိုသည်။
” ကျမတို့သိရသလောက် စခန်းတာဝန်ခံတွေထဲမှာ အမျိုးသမီးရှိတာတအားနည်းပါတယ်။ ရခိုင်က စခန်းအားလုံးထဲမှာ ဆယ်ယောက်လောက်ပဲရှိမှာပါ ” ဟု စစ်ဘေးရှောင်အမျိုးသမီးအရေးဆောင်ရွက်ပေးနေသည့် အမျိုးသမီးအဖွဲ့တစ်ခုက ပြောသည်။
ရခိုင်ရှိစစ်ဘေးရှောင်စခန်းများတွင် အမျိုးသမီးတာဝန်ခံများရှိပါက အမျိုးသမီးများ၏ လိုအပ်ချက်များ၊ ခံစားကြုံတွေ့နေရမှုများကို ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးရာတွင် ပိုမိုအဆင်ပြေကြောင်းလည်း စစ်ဘေးရှောင်အမျိုးသမီးအရေး လုပ်ဆောင်နေကြသည့်အဖွဲ့များက ဆိုသည်။
ထိုသို့ ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများမှ အမျိုးသမီးတာဝန်ခံများ၊ ခေါင်းဆောင်များမှာ ဌာနဆိုင်ရာအချို့မှ အစည်းအဝေးခေါ်ယူမှုများ၊ လူချင်းတွေ့ဆုံကာ ပြောဆိုရမှုများအတွက် သွားလာရာတွင် နို့စို့ကလေးများရှိနေခြင်း၊ ကိုယ်ဝန်ဆောင်ထားရခြင်းများရှိနေသည့်အတွက် လမ်းခရီးသွားလာရေးအခက်အခဲများကိုလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ကြရကြောင်း ဆိုသည်။
” ကိုယ်လည်းအမျိုးသမီးဖြစ်နေတော့ နင်က ဘာလို့ ဘရာစီရာမဝတ်လည်း၊ ဘာလို့အဝတ်ကို လုံလုံခြုံခြုံမဝတ်တာလဲဆိုတော့ ကျွန်မတို့မေမေက ဝယ်မပေးနိုင်ဘူးလို့ ပြောပါတယ်။ သူ့အမေကို ပြောတော့ နင့်သမီးလေးက အပျိုဖြန်းဖြစ်နေပြီ ဘာလို့ဝယ်မပေးတာလဲဆိုရင် ပိုက်ဆံမရှိဘူးတဲ့ ” ဟု မအေးခင်က စခန်းရှိအမျိုးသမီးများ၏ အခက်အခဲများအပေါ် သူမဖြေရှင်းပေးနေရသည်များကို ပြောပြသည်။
ထိုသို့ အမျိုးသမီးများလိုအပ်ချက် အခက်အခဲများဖြစ်ပေါ်လာပါက သူမတတ်နိုင်သလောက် ကူညီလုပ်ဆောင်ပေးကာ မတတ်နိုင်ပါက အရပ်ဖက်အဖွဲ့အစည်းအချို့ကို ဖုန်းဆက်အကူအညီတောင်း ဖြေရှင်းပေးကြောင်း သူမကရှင်းပြသည်။
ရခိုင်ရှိစစ်ဘေးရှောင်စခန်းများတွင် အမျိုးသမီးခေါင်းဆောင်၊ တာဝန်ခံများမှာ စခန်းရှိအမျိုးသမီးများ၊ ကလေးသူငယ်များ၏ စားဝတ်နေရေးတွက်သာမက ကျန်းမာရေးကိစ္စများကိုပါ လိုက်ပါဆောင်ရွက်ပေးနေကြရသဖြင့် ငွေကြေးလိုအပ်ချက်များရှိပြီး ခက်ခဲနေကြောင်း သူမကဆိုသည်။
” ‘စခန်းထဲက အမျိုးသမီးတွေ နေမကောင်းဖြစ်ရင် ဆေးရုံ၊ ဆေးခန်းလိုက်ပို့ပေးရသလို သူတို့ဆေးဖို့ဝါးခတွေလည်း ရှာရ၊ စီစဉ်ရတာက အဓိကအခက်အခဲ၊ စိန်ခေါ်မှုတွေဖြစ်နေပါတယ် ” ဟု စစ်တွေမြို့ပေါ်ရှိ ငစရိုင်းချောင်းကျောင်းစစ်ဘေးရှောင်စခန်းမှ တာဝန်ခံအမျိုးသမီးဖြစ်သည့် အသက် ၃၀ ကျော်အရွယ် မစောယဉ်က ရှင်းပြသည်။
ထိုသို့ အခက်အခဲများဖြစ်ပေါ်လာပါက သူမတို့နှင့် အဆက်အသွယ်ရှိ၊ ရင်းနှီးသည့် လူမှုအဖွဲ့အစည်းများကို ဖုန်းဆက်အကူအညီတောင်းကာ ဖြေရှင်းပေးနေရသကဲ့သို့ ရှိသည့်ပစ္စည်းများကို ပေါင်နှံရောင်းချပြီး ဖြေရှင်းပေးနေရကြောင်းလည်း စစ်ဘေးရှောင်စခန်းတာဝန်ခံအမျိုးသမီးများက ရှင်းပြကြသည်။
ထိုအပြင် စစ်ဘေးရှောင်စခန်းများရှိ အမျိုးသမီးခေါင်းဆောင်များမှာ စခန်းထဲရှိ အမျိုးသမီးများ၏ အခက်အခဲ၊ လိုအပ်ချက်၊ စိန်ခေါ်မှုများကို ပိုမိုသိရှိနားလည်ကြသူများလည်း ဖြစ်သည်။
” အရွယ်ရောက်နေတဲ့မိန်းခလေးတွေ၊ အဝတ်အစားလိုအပ်တာ၊ ရေချိုးတာ၊ အိမ်သာတက်တာကအစ မအေးခင် (ကျွန်မ)က တာဝန်ယူဖြေရှင်းပေးရပါတယ် ” ဟု မအေးခင်က သူမရင်ဆိုင် ကြုံတွေ့ဖြေရှင်းနေရမှုများကို ပြောပြသည်။
ထိုသို့ သူမကြုံတွေ့နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုအချို့ကို မီဒီယာအချို့သို့ ပြောဆိုခဲ့မှုကြောင့် ဌာနဆိုင်ရာအချို့မှ ဖိအားပေးပြောဆိုလာသည့်အတွက် ကိုဗစ်ကြောင့် အမျိုးသမီးသုံးဦးထိ ကိုယ်ဝန်ပျက်ကျသွားသည်ကို မည်သူ့ကိုမျှ မပြောရဲတော့ကြောင့်လည်း သူမကဆိုလာသည်။
ထိုသို့ စစ်ဘေးရှောင်စခန်းတာဝန်ခံအမျိုးသမီးများမှာ သူမတို့စခန်းများရှိ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ လိုအပ်ချက်များကို အမျိုးသမီးအဖွဲ့များ၊ သတင်းမီဒီယာများသို့ ပြောဆိုလိုက်ပါက ဒေသအာဏာပိုင်များမှ ပြစ်တင်ဆဲဆိုမှုများကိုလည်း ကြုံတွေ့နေကြရကြောင်း ဆိုကြသည်။
ရခိုင်အမျိုးသမီးများအခန်းကဏ္ဍ
ရခိုင်ရှိ စစ်ဘေးရှောင်စခန်းအားလုံးထဲတွင် အမျိုးသမီးခေါင်းဆောင်၊ စခန်းတာဝန်ခံလုပ်ရန် ရိုးရာဓလေ့၊ လူ့အသိုင်းအဝန်း၊ ဘာသာရေးအရ ခွဲခြားဆက်ဆံ စိန်ခေါ်မှုများ ဆက်လက်ရင်ဆိုင်နေကြရဆဲဖြစ်ကြောင်း အမျိုးသမီးအဖွဲ့များက ဆိုသည်။
” သူတို့ရဲ့စွမ်းဆောင်နိုင်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ရာခိုင်နှုန်းတစ်ခုသတ်မှတ်ပြီးတော့ ဘယ်လိုပါဝင်လာအောင်စဉ်းစားမလဲဆိုပြီး ကျွန်မတို့လူမှုအသိုင်းအဝိုင်းမှာ ပေါ်လစီချမှတ်ပြီးတော့ လုပ်ဆောင်ဖို့လိုအပ်ပါတယ် ” ဟု ရခိုင့်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ ဥက္ကဋ္ဌ စောစံငြိမ်းသူက ဆိုသည်။
မအေးခင်အပါအဝင် စစ်ဘေးရှောင်စခန်းများရှိ အမျိုးသမီးတာဝန်ခံ၊ ခေါင်းဆောင်များကို ဌာနဆိုင်ရာအချို့မှ ဆက်ဆံပြောဆိုရာတွင် အမျိုးသမီးဖြစ်သည့်အတွက် ခွဲခြားဆက်ဆံပြောဆိုခြင်း၊ နိုင်ထက်စီးနင်းပုံစံပြောဆိုခြင်းနှင့် တာဝန်ခံအဖြစ်မှ ဖြုတ်ပစ်လိုက်၍ရသည် ဟူသောပုံစံမျိုး ခြိမ်းခြောက်ပြောဆိုမှုများရှိကြောင်းလည်း ဆိုကြသည်။
” မအေးခင်(ကျွန်မ)ကို ဌာနဆိုင်ရာတချို့က ခြိမ်းခြောက်သလိုမျိုးပြောကြတာတွေရှိပါတယ် ။ ကျွန်တော်တို့က မလုပ်ချင်လို့ကြည့်နေတာပါ။ ပြောလိုက်ရင်ရတယ်။ လုပ်လိုက်ရင်ရတယ် ” ဆိုပြီးတော့ ပြောကြပါတယ် ” ဟု သူမရင်ဆိုင်နေရသည့် ဌာနဆိုင်ရာအချို့၏ ပြောဆိုဆက်ဆံမှုကို ပြောပြသည်။
စစ်ဘေးရှောင်စခန်းများရှိ အမျိုးသမီးတာဝန်ခံ၊ ခေါင်းဆောင်များမှာ မိသားစု၊ သားသမီး၊ မီးဖိုချောင်အရေးများကြားမှ လုပ်ဆောင်နေရသည့်အတွက် ထမင်းချက်ချိန်မမှန်ခြင်း၊သားသမီးများအား ဂရုစိုက်ချိန်မရခြင်းအပြင် ဒေသအာဏာပိုင်အချို့၏ ခြိမ်းခြောက်မှုကိုလည်း ခံနေကြရကြောင်း တာဝန်ခံအမျိုးသမီးများက ဆိုသည်။
” ရခိုင့်လူမှုအသိုင်းအဝိုင်းတစ်ခုတည်းမဟုတ်ဘဲနဲ့ ဒီပေါ်လစီတွေကို အကောင်အထည်ဖော်ချမှတ်ပြီးတော့ အကောင်အထည်ဖော်ဆောင်ရွက်မှသာ သူတို့သည်လည်း လူသားတစ်ရပ်အနေနဲ့ ချန်လှပ်ထားခြင်း မရှိဘဲနဲ့ လူသားအဖြစ် အသိအမှတ်ပြုခံရပြီးတော့ ပူးပေါင်းပါဝင်မှုကို ဆောင်ရွက်နိုင်တယ်ဆိုတဲ့ သူတို့ရဲ့ဆောင်ရွက်နိုင်စွမ်းတွေကို အသိအမှတ်ပြုပြီး လူမှုအသိုင်းအဝိုင်းက အသုံးပြုရပါမယ် ” ဟု စောစံငြိမ်းသူက ဆိုသည်။
” ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်ရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့အား အမျိုးသမီးများ၊ မိန်းကလေးများ၏ လိုအပ်ချက်များနှင့်ပတ်သက်၍ သင့်လျော်သည့် လုပ်ငန်းအကောင်အထည်ဖော်မှုများကို ဆောင် ရွက်သွားစေရေးအတွက် နည်းပညာအထေက်အကူပေးနိုင်သည့် အမျိုးသမီးရေးရာဌာနတစ်ခုကို ရခိုင်ပြည်နယ်အစိုးရအတွင်း ထူထောင်သွားသင့်ပါသည် “ ဟု ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ၊ ” နိုင်ငံရေးကဏ္ဍနှင့်လူ့အဖွဲ့အစည်းများတွင် ကိုယ်တိုင်ပါဝင်မှုနှင့် ကိုယ်စားပြုမှု ” ခေါင်းစဉ်အောက်တွင် ဖော်ပြထားသည်။
ရခိုင်အမျိုးသမီးခေါင်းဆောင်မှုအနာဂတ်
ရခိုင်အမျိုးသမီးများ ကဏ္ဍစုံတွင် ပါဝင်လာနိုင်ကာ ခေါင်းဆောင်လာနိုင်စေဖို့ အခက်အခဲ၊ စိန်ခေါ်မှုများများရှိသော်လည်း ရဲရဲဝံ့ဝံ့လုပ်ဆောင် ပြင်ဆင်သင့်ကြောင်း ဆိုကြသည်။
ရခိုင့်ဦးဆောင်ပါတီ(AFP)တည်ထောင်သူ ဒေါက်တာအေးမောင်က ” အမျိုးသမီးတွေကလည်း နိုင်ငံရေး၊ စီးပွားရေးကဏ္ဍတွေမှာ ပါလာနိုင်ဖို့၊ ပြင်ဆင်မှုတွေလုပ်ဖို့ လိုအပ်ပါတယ် ” ဟု မှတ်ချက်ပြုပြောဆိုထားသည်။
ရခိုင်လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးများအား ခွဲခြားဆက်ဆံခြင်းများ မရှိသော်လည်း နေရာတန်းတူပေးမှုများ နည်းပါးနေသေးကြောင်းလည်း ထောက်ပြပြောဆိုကြသည်။
” အမျိုးသမီးကိစ္စတွေ၊ အထူးသဖြင့် အတင်းအဓမ္မမှုတွေဖြစ်ရင် ပိုပြီးစိုးရိမ်ပါတယ်။ ဘာတွေဆက်လုပ်ရမလဲ။ ဘယ်လိုနှစ်သိမ့်ပေးရမလဲပေါ့။ ကိုယ့်နဲ့သိတဲ့အဖွဲ့တွေ၊ တာဝန်ရှိသူတွေကို လှမ်းအကူအညီတောင်းရပါတယ် ” ဟု ဝါးတောင်စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတာဝန်ခံ မလှဦးက ဆိုသည်။
ထိုဝါးတောင်စစ်ဘေးရှောင်စခန်းမှာ အောက်တိုဘာလ ၂၇ ရက်နေ့က အသက် ၁၂ နှစ်အရွယ် မိန်းခလေးငယ်တစ်ဦးကို အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်မှုတစ်ခုဖြစ်ပွားခဲ့ရာ မလှဦးမှာ များစွာတွေးကြောက်စိုးရိမ်ပူပန်ခဲ့ရကြောင်းလည်း ဆိုသည်။
” အမျိုးသမီးများ နိုင်ငံရေးနှင့် လူမှုရေးနယ်ပယ်များမှာ ၃၀ ရာခိုင်နှုန်းပါဝင်ရေး ” ဘေဂျင်းမဟာဗျူဟာစီမံကိန်းသည် အမျိုးသမီးများအပေါ် ခွဲခြားမှုအားလုံးပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်ဖြစ်သည်။
ထိုသို့ အမျိုးသမီးများ နယ်ပယ်စုံတွင် ခေါင်းဆောင်ပါဝင်ရေး၊ ဆုံးဖြတ်ပိုင်ခွင့်နေရာများအတွက် စစ်ဘေးရှောင်စခန်းတွင်သာမက အခြားကဏ္ဍများမှာလည်း အမျိုးသမီးများကိုယ်တိုင် အရည်အချင်းဖြည့် ကြိုးစားထားသင့်ကြောင်းလည်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ထဲထဲဝင်ဝင်ပါဝင်နေသည့် အမျိုးသမီးခေါင်းဆောင်တစ်ဦးက ဆိုသည်။
” ပါတီအသီးသီးနဲ့ အစိုးရဌာနတွေမှာလည်း အမျိုးသမီးတွေပါဝင်လာဖို့ လမ်းဖွင့်ပေးရပါမယ်။ အမျိုးသမီးတွေဖက်ကလည်း ငါတို့ကိုအခွင့်အရေးတွေ ပေးလာလိမ့်မယ်ဆိုပြီး ထိုင်စောင့်မနေဘဲ အဆင်သင့်ဖြစ်နေအောင် ကြိုးစားသင့်ပါတယ် “ ဟု ရခိုင်အမျိုးသမီးများအစည်းအရုံးကိုတည်ထောင်သူ စောမြရာဇာလင်းက ဆိုသည်။
ရခိုင် စစ်ဘေးရှောင်စခန်းရှိ အမျိုးသမီးခေါင်းဆောင်များမှာ အခက်အခဲ၊ စိန်ခေါ်မှုများကြားမှ လုပ်ဆောင်နေကြရပြီး ဒေသတည်ငြိမ်အေးချမ်းပါက နေရပ်ပြန်လိုကြသော်လည်း သူမတို့ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုများကို အမြဲတမ်းရင်ဆိုင်ဖြေရှင်းသွားကြမည်ဟု ဆိုသည်။
” မအေးခင်(ကျွန်မ)ကို ဆဲဆိုခြိမ်းခြောက်မှုတချို့ရှိပေမယ့်လည်း အမျိုးသမီးတွေအတွက် ဆက်ပြီးလုပ်နေဦးမှာပါပဲ။ မအေးခင်(ကျွန်မ)ကတော့ သူမတို့အတွက် အမြဲတမ်းပြောနေ၊လုပ်နေမှာပါ ” ဟု သူမက ယုံကြည်လေးနက်သည့်အသံဖြင့် ပြောလာပါတော့သည်။