“ အစကတော့ ဖမ်းခံရမှာ၊ ရွာမီးရှို့ခံရမှာ၊ လက်နက်ကြီးပစ်ခံရမှာတွေကြောင့် အတော်လေးစည်းရုံးခဲ့ရပါတယ်ဗျ၊နောက်ပိုင်းမှာ ပြည်သူတွေရော ပအဖ၊ ပကဖတွေရောက “ ကလေးတွေရဲ့အနာဂတ်ကိုတွေးပြီး နေအိမ်အခြေပြုသင်ကြားရင်းကနေ ပြည်သူ့အခြေပြုကျောင်းပုံစံဖြစ်လာတာပါဗျ”
ဦးငြိမ်းသူရ တာဝန်ခံ – ၁ (ဂန့်ဂေါမြို့နယ်ပညာရေးဘုတ်အဖွဲ့)
စစ်ကောင်စီအာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကိုလက်မခံသော တစ်တိုင်းပြည်လုံးရှိ ကျောင်းသား၊ ပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းအများအပြား စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများသည်လည်း စစ်ကောင်စီကို အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်ခဲ့ကြသည်။
ထို့အတွက် တစ်တိုင်းပြည်လုံးရှိ စာသင်ကျောင်းအများအပြား ပိတ်သွားခဲ့ရကာ၊ မြန်မာနိုင်ငံ၏ မြို့နယ်အသီးသီးရှိ ကျေးရွာများတွင် စစ်ကောင်စီ၏ ယန္တရားများ လည်ပတ်နိုင်မှုမရှိသည့် အခြေအနေသို့ရောက်ရှိလာသည်။
တစ်ဖက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံရှိ မြို့နယ်အသီးသီးတွင် အုပ်ချုပ်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍအသီးသီးကို ပုံဖော်လာနိုင်ခဲ့သည်။
ထိုကဲ့သို့ အုပ်ချုပ်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍအသီးသီး ဖော်ဆောင်နိုင်ခဲ့မှုများအနက် ဂန့်ဂေါမြို့နယ်အတွင်း ပြည်သူ့အခြေပြုကျောင်းများ ဖော်ဆောင်နိုင်မှုနှင့်ပတ်သက်ပြီး ဂန့်ဂေါမြို့နယ်ပညာရေးဘုတ်အဖွဲ့၊ တာဝန်ခံ(၁) ဦးငြိမ်းသူရ ကို MPAက ဆက်သွယ်မေးမြန်းထားမှုများအား ပြန်လည်ဖော်ပြလိုက်ပါသည်။
မေး။ ။ ဂန့်ဂေါမြို့နယ်ပညာရေးဘုတ်အဖွဲ့ကို ဘယ်အချိန်က စတင်ဖွဲ့စည်းခဲ့တာလဲ။ ဘယ်လိုဖွဲ့စည်းခဲ့လဲ။
ဖြေ။ ။ ၂၀၂၁ခု နှစ် စက်တင်ဘာလ ၁၂ ရက်နေ့ကစတင်ဖွဲ့စည်းခဲ့တာပါ။ MOE က ချမှတ်ထားတဲ့ TOR (Terms of Reference) အရ ဖွဲ့စည်းပါတယ်ဗျ။
မေး။ ။ အခုလက်ရှိ ဂန့်ဂေါမြို့နယ်မှာ ကြားကာလပြည်သူ့အခြေပြုကျောင်း ဘယ်နှစ်ကျောင်းဖွဲ့စည်းနိုင်ခဲ့ပြီလဲ။ ဘယ်အတိုင်းအတာအထိ အောင်မြင်မှုရှိခဲ့လဲ။
ဖြေ။ ။ ကြားကာလကျောင်းပေါင်း (၉၆)ကျောင်းရှိပါတယ်။ ကျောင်းသားပေါင်းကတော့ (၁၆၃၅၄)ယောက်၊ ဆရာကတော့ (၁၆၁၅)ဦးပါ။ BECA ခေါ်တဲ့ တက္ကသိုလ်ဝင်စာမေးပွဲ (၂)ကြိမ်ဖြေဆိုပြီးပါပြီဗျ။
မေး။ ။ ဟုတ်ကဲ့ ဂန့်ဂေါမြို့နယ်မှာ ကြားကာလပြည်သူ့အခြေပြုကျောင်းတွေဖွင့်နိုင်ဖို့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ခဲ့ရလဲ။ ဘယ်လိုကြိုးစားခဲ့ရလဲ။
ဖြေ။ ။ အစကတော့ အဖမ်းခံရမှာ၊ ရွာမီးရှို့ခံရမှာ၊ လက်နက်ကြီးပစ်ခံရမှာတွေကြောင့် အတော်လေးစည်းရုံးခဲ့ရပါတယ်ဗျ၊ နောက်ပိုင်းမှာ ပြည်သူတွေရော၊ ပအဖ၊ ပကဖတွေရောက ကလေးတွေရဲ့အနာဂတ်ကိုတွေးပြီး နေအိမ်အခြေပြုသင်ကြားရင်းကနေ ပြည်သူအခြေပြုကျောင်းပုံစံဖြစ်လာတာပါဗျ၊ အခက်ခဲကတော့ စာရေးကိရိယာဝယ်ယူရတာစျေးကြီးပြီး သယ်ယူရခက်ခဲတာတွေရှိပါတယ်။
မေး။ ။ သင်ထောက်ကူပစ္စည်းအနေနဲ့ရော လုံလောက်မှုရှိလား။ ဘယ်လိုပုံစံနဲ့ သွားနေလဲ။
ဖြေ။ ။ လုံလောက်မှုတော့မရှိပါဘူးဗျ၊ အလှူရှင်ရှိရင်လည်း ဆက်သွယ်လှူဒါန်းပေးကြဖို့မေတ္တာရပ်ခံပါတယ်ဗျ။ အဓိကကတော့ ပုံနှိပ်စာအုပ်၊ မာကာ၊ မှင်အိုး၊ သင်ထောက်ကူ စတာတွေ လုံလောက်မှုမရှိပါဘူးဗျ၊ ရှိတဲ့ရန်ပုံငွေနဲ့ရယ်။ ဒေသမှာရှိတဲ့ပစ္စည်းတွေကို ပြန်လည်ပြုပြင်မွမ်းမံပြီး အသုံးပြုနေရပါတယ်။
မေး။ ။ ကြားကာလပြည်သူ့အခြေပြုကျောင်းတွေအနေနဲ့ ဆရာ၊ ဆရာမအင်အားကို ဘယ်လိုမျိုးစုစည်းခဲ့ရလဲ၊ ကျောင်းအသီးသီးမှာ ဆရာ/မတွေကို ဘယ်လိုပုံစံ ခန့်အပ်ထားလဲ၊ ဘယ်လိုလူတွေပါဝင်ပါလဲဗျ။
ဖြေ။ ။ ဆရာအင်အားကိုတော့ CDM များရဲ့အားနဲ့ ရပ်ရွာထဲမှ ဘွဲ့ရ တက္ကသိုလ်ကျောင်းသား/သူ တွေရဲ့အကူညီနဲ့သင်ကြားပါတယ်။
မေး။ ။ဟုတ်ကဲ့။ ဆရာ၊ ဆရာမတွေကို လစာပေးနိုင်မှုအခြေအနေရော ဘယ်လိုရှိလဲ၊ ဘယ်လိုပုံစံရပ်တည်နေကြလဲဗျ။
ဖြေ။ ။ ရပ်ရွာ၊ မိဘ ပေါင်းပြီးမှ အလှူငွေထည့်ပြီး ဆရာတွေကို လစာအနည်းငယ်ပေးရပါတယ်ဗျ၊ လစာဆိုပေမယ့် တစ်လမှ ၃သောင်း၅သောင်းနဲ့ အများဆုံးကတော့ (၉)သောင်းရတဲ့ကျောင်းတော့ ၄၊၅ ကျောင်းတော့ရှိတယ်ဗျ၊ ကျန်တာကတော့ ပေးနိုင်တယ်ဆိုရုံပဲပေးနိုင်တာပါဗျ၊ တော်လှန်ရေးအတွက် အလုပ်လုပ်ကြ၊ တိုက်ပွဲဝင်ကြတဲ့သဘောပါ၊ ကျောင်းသားမိဘတွေက အင်အားပြည့်ကူညီကြလို့သာ ရှေ့ဆက်သွားလို့ရနေတာပါဗျ။
မေး။ ။ NUG၊ MOE ကရော ထောက်ပံ့ကူညီတာရှိလား။ ဘယ်လိုမျိုး ချိတ်ဆက်ဆောင်ရွက်ပါသလဲ။
ဖြေ။ ။ NUGကတော့ တစ်လကို သိန်း(၄၀)လောက်ပေးပါတယ်ဗျ၊ ၂၀၂၃၊ ဇွန်လကနေ အောက်တိုဘာအထိရပါတယ်။ နောက်ထပ်လည်းပေးဖို့ရှိတယ်လို့ကြားပါတယ်ဗျ၊ အဲဒါကို CDM volunteer ထောက်ပံ့ငွေအဖြစ်သုံးပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ကျောင်းသား ၅၀၊ တစ်ယူနစ်သတ်မှတ်ပြီး တစ်ယူနစ်ကို တစ်သိန်းခွဲနှုန်းနဲ့ သိန်းပေါင်း (၄၅၇၅၀၀၀၀) ကို အခြေပြုကျောင်းအားလုံးကိုခွဲဝေပေးပြီးဖြစ်ပါတယ်။ ကျတော်တို့ ပုံမှန်အဆက်သွယ်ရှိပါတယ်။ signal groupတွေ email တွေကနေ တဆင့်ရှိပါတယ်။ ဒါပြီးတော့ ပုံမှန်အစည်းဝေးတွေလည်းတက်ရောက်ပြီး ညွှန်ကြားချက်တွေကိုလိုက်နာပါတယ်။
မေး။ ။ ဟုတ်ကဲ့၊ အခုဆိုရင် စစ်ကောင်စီက လေကြောင်းကနေ စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်လာတာမျိုးတွေကြုံရတယ်။ အဲ့ဒီအတွက်ရော ကျောင်းသူကျောင်းသားတွေရဲ့ လုံခြုံရေးအတွက် ဘယ်လိုမျိုးပြင်ဆင်မှုတွေလုပ်ထားလဲ။
ဖြေ။ ။ NUG လူသားစာနာဝန်ကြီးဌာနက ဗုံးခိုကျင်းတူးဖို့ ၁၅၀၀၀၀ နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဗုံးခိုကျင်းတူးပြီးသား တစ်ကျောင်းကို ၅သောင်းနှုန်း ထောက်ပံ့ပြီး ကြိုတင်ပြင်ဆင်ထားပါတယ်။
မေး။ ။ ဟုတ်ကဲ့ ဖြည့်စွက်ပြောလိုတာရှိရင် ပြောပါဦး။
ဖြေ။ ။ စားဝတ်နေရေးခက်ခဲတော့ မီးဘေးသင့်နဲ့စစ်ရှောင်ကလေးတွေမှာ စာရေးကိရိယာလုံလောက်မှု ရှိဖို့ရုန်းကန်ရတာတွေတော့ရှိတယ်။ အလှူရှင်တွေကလှူပေမယ့် လူဦးရေများတော့မလုံလောက်တာပါဗျ၊ NGO တွေအနေနဲ့ ဂန့်ဂေါမြို့နယ်က စစ်ရှောင်တွေ၊ မီးဘေးသင့်တွေအတွက်ကိုရော လာရောက်ကူညီလှူဒါန်းပေးကြဖို့နဲ့ အခြားသောအလှူရှင်တွေကိုလည်း လာရောက်ကူညီပေးကြဖို့ တောင်းဆိုလိုပါတယ်ဗျ။