By MPA 001
ပုလောကြံ့ဖွံ့ဖြိုးရေးပါတီဥက္ကဌ၏ အသုဘရက်လည်ပြီး သုံးရက်အကြာတွင် နောက်ထပ်ကြံ့ဖွံ့ပါတီအမတ်ဇာနည်အောင် သေနတ်ဖြင့်လုပ်ကြံခံရကာ မြိတ်ဆေးရုံရောက်နေကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၏ တာဝန်ခံတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၃ရက်နေ့၊ညနေ ၄နာရီ ၂၀မိနစ်ခန့်က တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊အမှတ်(၄) ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်သို့ သွားရောက်စဉ် ပကဖအဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၏ တာဝန်ခံတစ်ဦးကပြောသည်။
“မနေ့က သွားပစ်တာ။သူက ကြံ့ဖွတ်အမတ် အောင်နေဇာလင်း အသတ်ခံရပီးနောက်ပိုင်း အပြင်သိပ်မထွက်တော့ဘူး။သူစားချင်တဲ့ဟာတွေအပြင် ကွမ်းယာကအစ သူ့သားသွားဝယ်ပေးရတာ။ မနေ့က လက်ဖက်ရည်ဆိုင်မှာ မိတုန်းပစ်လိုက်တာ။သေတော့မသေဘူး”ဟု ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၏ တာဝန်ခံတစ်ဦးက ရှင်းပြသည်။
ယင်းပစ်ခတ်မှုကြောင့် ပုလောမြို့နယ်ကြံ့ဖွံ့ပါတီ အမတ်လောင်း ဦးဇာနည်အောင်သည် ဝဲဘက်မျက်လုံးနှင့် ဦးခေါင်းတို့ကို ကျည်ထိမှန် သေနတ်ဒဏ်ရာ (ပြင်းထန်စိုးရိမ်)ရရှိခဲ့ပြီး အရေးပေါ်ကုသမှုခံယူရန် ပုလောလူမှုကူညီရေးကားဖြင့် အကြမ်းဖက်စစ်ကောင်စီမှ မြိတ်ဆေးရုံသို့ ပို့ဆောင်ပေးလိုက်ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၏ တာဝန်ခံတစ်ဦးက ရှင်းပြသည်။
သေနတ်ဖြင့် အပစ်ခံရသူ ဦးဇာနည်အောင်သည် အကြမ်းဖက်စစ်ကောင်စီမှ မတရားဖမ်းဆီးခံထားရသည့် ပြည်သူများအပေါ်ငွေကြေး တောင်းခံခြင်း၊ တော်လှန်ရေးသမားမိသားစုများအား စကစ၊စရဖ နှင့် ရဲများအား သတင်းပေးတိုင်တန်းခြင်းတို့အပြင် အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် မိုက်ကြေးခွဲ ပေါင်းစားနေသည့် အမှုပွဲစားတစ်ဦးဖြစ်သည်ဟု ပုလောမြို့နယ်နေ ဒေသခံများကပြောဆိုသည်။
“သူ့အိမ်ကပြောသံကြားတာ။အခုမြိတ်ဆေးရုံမှာ ကုနေတာ အောက်စီဂျင်ပေးထားရတယ်တဲ့။ အခြေအနေမကောင်းဘူးကြားတယ်။ခွဲရတယ်လည်းကြားတယ်”ဟု ပုလောမြို့နယ်နေ အမည်မဖော်လိုသူတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၁၄ရက်နေ့၊ ညနေ ၃နာရီက ပုလောမြို့နယ် ကြံ့ဖွံ့ပါတီ ဥက္ကဌ လွှတ်တော်အမတ် ဦးအောင်နေဇာလင်းသည် သားဖြစ်သူနှစ်ဦးကိုတင်ကာ ဆိုင်ကယ်မောင်းနှင်လာပြီး ပုလောမြို့နယ်တောင်ဝိုင်းကွေ့လမ်းအရောက် ဆိုင်ကယ်ပေါ်မှ ခနဆင်းစဉ် PRDFအဖွဲ့မှ သေနတ်နှင့် လေးချက်ပစ်သတ်ခဲ့ပြီး အခင်းဖစ်နေရာတွင်ပင် သေဆုံးသွားခဲ့သည်။