အကြမ်းဖက်စစ်တပ်၏ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် အာဖရိကတိုက်ရှိ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး – ICJ တွင် တရားစွဲဆိုထားသောအမှုကို လာမည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် နယ်သာလန်နိုင်ငံ သယ်ဟိတ်မြို့ နိုင်ငံတကာတရားရုံး ICJ တွင် ထပ်မံကြားနာမည်ဖြစ်ကြောင်း ICJ ၏ တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။
ယင်းကြားနာပွဲကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ထိ ၄ ရက် ထိပြလုပ်မည်ဖြစ်ပြီး ကုလသမဂ္ဂ၏ အဓိကတရားစီရင်ရေးအဖွဲ့အစည်းဖြစ်သည့် အပြည်ပြည်ဆိုင်ရာတရားရုံးသည် မြန်မာနိုင်ငံမှ တင်သွင်းသည့် ပဏာမကန့်ကွက်မှုများအပေါ် အာရုံစိုက်သွားမည်ဖြစ်သည်။
“ လာမယ့်လမှာကျင်းပမယ့် ICJ က ကြားနာပွဲမှာ လူမျိုးတုံးသတ်ဖြတ်မှု မြောက်ခြင်း၊ မမြောက်ခြင်းကို ဆုံးဖြတ်မှာ မဟုတ်ဘူး။ ဂမ်ဘီယာက အာဖရိကန်နိုင်ငံတစ်ခုဖြစ်တယ်၊ မြန်မာနိုင်ငံနဲ့ ဝေးတယ်၊ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး ဖြစ်ပျက်ခဲ့တာတွေက ဂမ်ဘီယာကို ထိခိုက်မှုမရှိဘူး၊ အဲဒါကြောင့် တရားစီရင်ခွင့်မှာ သက်ရောက်မှုမရှိဘူးလို့ မြန်မာနိုင်ငံဘက်က တုံ့ပြန်ထားတယ်။ အဲဒီကိစ္စကို အဓိကထား ကြားနာမယ်လို့ အကြမ်းဖျဉ်း သိထားတယ်။ “ ဟု ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့၊ တွဲဖက်တည်ထောင်သူတစ်ဦးဖြစ်သည့် ကိုနေဆန်းလွင်က ပြောသည်။
လက်ရှိ COVID-19 ကပ်ရောဂါကြောင့် ကြားနာပွဲကို တရားရုံး၏အဖွဲ့ဝင်အချို့သည် တရားရေးခန်းမကြီးတွင် လူကိုယ်တိုင်လာရောက်၍ နှုတ်ဖြင့်တရားစွဲဆိုမှုများပြုလုပ်ကြမည်ဖြစ်ပြီး အခြားသူများသည် ဗီဒီယိုလင့်ခ်ဖြင့် အဝေးမှပါဝင်ရမည်ဖြစ်ကာ အမှုတွဲတွင် ပါဝင်သူများ၏ ကိုယ်စားလှယ်များသည် လူကိုယ်တိုင်ဖြစ်စေ ဗီဒီယိုလင့်ခ်ဖြင့်ဖြစ်စေ ပါဝင်မည်ဖြစ်သည်။
” မြန်မာနိုင်ငံဘက်ကတော့ စစ်အုပ်စုက အာဏာသိမ်းထားတော့ စစ်အုပ်စုက အသစ်ခန့်ထားတဲ့ ကိုယ်စားလှယ်သာ ကိုယ်စားပြုလိမ့်မယ်လို့ ကြားထားတယ်။ အခုထိတော့ တရားရုံးက မြန်မာနိုင်ငံဘက်က ဘယ်သူတွေကိုယ်စားပြုမယ်ဆိုတာ တရားဝင်ထုတ်ပြန်ထားခြင်းတော့ မရှိသေးဘူး။ “ ကိုနေဆန်းလွင်က ပြောသည်။
အကြမ်းဖက်စစ်ကောင်စီက ICJ အရေး ဖြေရှင်းရန်အတွက် ကော်မတီတရပ်ကို ၂၀၂၁ ခုနှစ် ဇွန်လက ဖွဲ့စည်းခဲ့ပြီး ကော်မတီဥက္ကဋ္ဌအဖြစ် နိုင်ငံရေးခြားရေး၀န်ကြီး ဦး၀ဏ္ဏမောင်လွင်ကို ခန့်အပ်ထားကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်၏ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် အာဖရိကတိုက်ရှိ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး – ICJ တွင် ၂၀၁၉ နိုဝင်ဘာလထဲ တရားစွဲခဲ့ပြီး ဒီဇင်ဘာလကြားနာမှုတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ တွင် လာရောက် တရားရင်ဆိုင်ခဲ့သည်။