အကြမ်းဖက်စစ်တပ်၏ မတရားအာဏာသိမ်းမှုကို အစောဆုံး လက်နက်ကိုင် တော်လှန်ခဲ့သည့် ကယားပြည်နယ်တွင် မေလမှစ၍ လက်ရှိအချိန်ထိ ၈လနီးပါးကာလအတွင်း နေရပ်စွန့်ခွာပြီး စစ်ရှောင်ရသူ တစ်သိန်းကျော် ရှိနေကြောင်း သိရသည်။
မေလတတိယအပတ်မှ စတင်ပြီး ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသခံကာကွယ်ရေး အဖွဲ့များအကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ပြင်းထန်သောတိုက်ပွဲများကြောင့် ဒေသခံများသည် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရခြင်းများရှိကာ လက်ရှိအချိန်တွင် တစ်သိန်းနီးပါးရှိနေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးသူများထံမှသိသည်။
” တစ်သိန်းကျော် ဝန်းကျင်တော့ ရှိနေတယ်။ တချို့ကလည်း ပြန်ကြတယ်လေ။ တချို့ကြတော့လည်း မပြန်ရဲကြဘူး။ စစ်ဖြစ်ရင်လည်း ပြန်ပြေးလာရတာပဲလေ” ဟု စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်တပ်သည် ကရင်နီပြည်နယ်အတွင်းရှိ တိုက်ပွဲများတွင် လူနေရပ်ကွက်များကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စစ်အင်အား အလွန်အကျွံ အသုံးပြုခြင်းအပြင် လေကြောင်းတိုက်ခိုက်ခိုက်ခြင်းများကို အသုံးပြုခဲ့သည်။
ကျေးရွာများအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအပြီးတွင် အကြမ်းဖက်စစ်တပ်သည် ဒေသခံများ၏ နေအိမ် များကို မီးရှို့ဖျက်ဆီးခြင်း၊ ကျေးရွာများအတွင်း လူနေအိမ်များအနီးတွင် မြေမြှပ်မိုင်းများ ထောင်ခြင်းများကိုပါ ပြုလုပ်ခဲ့သည်။
ထို့ကြောင့် ဒေသခံများအနေဖြင့် တိုက်ပွဲများငြိမ်သွားသော်လည်း နေရပ်ပြန်ရန် အခက်အခဲနှင့် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။
စစ်ရှောင်တစ်သိန်းနီးပါး ရှိလာသည့်ကရင်နီပြည်နယ်တွင် စစ်ရှောင်အားလုံးအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်လျက်ရှိနေသည့်အပြင် စစ်ရှောင်လျက်ရှိနေသော ကလေးများ၏ ပညာသင်ကြားရေးအတွက် စာရေးကိရိယာနှင့် အခြားအထောက်အပံ့များလည်း လိုအပ်လျက်ရှိနေကြောင်း သိရသည်။
“ ကျမတို့ဒီဘက်မှာ စစ်ရှောင်ကလေးတွေကို စာတွေ ပြန်သင်နေတာပေါ့နော်။ အဓိကလိုအပ်တာကတော့ စာရေးကိရိယာနဲ့ ပတ်သက်တဲ့ဟာတွေ။ လိုတယ်။ အခြားစစ်ရှောင်တွေ အတွက်က ဆန်ဆီဆားတွေ လိုတယ်။” စစ်ရှောင်ကလေးငယ်များကို စာသင်ကြားပေးနေသူ ဆရာမတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသည်မှာ နှစ်ရက်နီးပါးရှိပြီဖြစ်ပြီး ဒီးမော့ဆို၊ လွိုင်ကော်နှင့် မိုးဗြဲတို့တွင် တစ်ဖက်နှင့်တစ်ဖက် စစ်ရေးအခြေအနေများ တင်းမာလျက်ရှိနေသည်။
အကြမ်းဖက် စစ်တပ်က လက်နက်အင်အား အသာစီးရနေသော်လည်း ဒေသခံကာကွယ်ရေးအဖွဲ့များကလည်း နယ်မြေကျွမ်းကျင်မှု အသာစီးရထားသဖြင့် တိုက်ပွဲ မပြတ်သေးသော်လည်း ဒေသခံကာကွယ်ရေးအဖွဲ့များ ထိန်းချုပ်နိုင်သည့် နေရာများ ရှိလာကြောင်းသိရသည်။
“ ကျနော်တို့ ထိန်းချုပ်နိုင်တဲ့နေရာတွေ အတော်များများရှိလာတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးဘက်မှာတော့ အားနည်းနေသေးတယ်လို့ ဝန်ခံရမယ်။ စစ်ကောင်စီဘက်ကလည်း သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားကို လွိုင်ကော်တစ်ခုပဲ လုပ်နိုင်ပါတယ်။ ကျနော်တို့ဘက်ရော စစ်ကောင်စီဘက်ရော နယ်မြေစိုးမိုးတဲ့ ဒေသကညီမျှနေတယ်လို့ ပြောလို့ရမယ်” ကရင်နီအမျိုးသား ကာကွယ်ရေးတပ်(KNDF)မှ တာဝန်ရှိသူက ပြောသည်။
၈လနီးပါးကြာမြင့်လာသည့် တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့မှ ၁၈ဦးကျဆုံးခဲ့ရသကဲ့သို့ ဒေသခံကာကွယ်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်ဘက်မှ ၃၀၀နီးပါးသေဆုံးခဲ့ကြောင်း သိရသည်။
စစ်တပ်၏လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ခြင်းများကြောင့် ဘုရားကျောင်းများ၊ နေအိမ်များ မီးလောင်ပျက်စီးမှုများ ရှိခဲ့သည့်အပြင် ဒေသခံများလည်း သေဆုံးမှုများ ရှိခဲ့သည်။
Photo- Clean Yangon