By MPA
ချင်းပြည်နယ်တွင် အင်အားအများအပြားရောက်ရှိနေသည့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့များသည် မင်းတပ်- မတူပီ ကားလမ်းလည်မြိုမြစ်နားတွင် ယ နေ့နေ့လယ်က ပစ်ခတ်ခံရကြောင်း အနီးအနားနေသူများ ကပြောသည်။
မင်းတပ် မတူပီကားလမ်းပေါ် လည်မြိုမြစ်အနီး ချန်းပြန်းကျေးရွာအနီးတွင် လက်နက်ကြီးသံများကြားနေရသည်ဟု အနီးအနားကျေးရွာများတွင် နေထိုင်သူများက ဆိုသည်။
` သူတို့ (အကြမ်းဖက်စစ်ကောင်စီအဖွဲ့) က ကားတန်းတွေနဲ့လာတာ၊ လမ်းရှင်းဖို့လို့ ပြောတယ်၊ ၁၂ နာရီလောက်မှာ ပစ်သံတွေကြားရတယ်´ ဟု ဒေသခံတဦးက MPA သို့ ပြောပြသည်။
ပစ်ခတ်မှုများအတွင်း လက်နက်ကြီးအသံများပါကြားရသည်ဟုဆိုသော်လည်း MPA အနေဖြင့် သီးခြားအတည်ပြုချက်မရရှိသေးပါ။
ချင်းပြည်နယ်တွင် အင်အားအများအပြားရောက်ရှိနေသည့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ဖလမ်းမြို့အနီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် ယမန်နေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နောက် နေအိမ် ၁၂ လုံးကို မီးရှို့သွားခဲ့သည်။
အောက်တိုဘာ ၁၃ တွင်လည်း ဖလမ်းမြို့ လုံပီးရပ်ကွက်က နှစ်ခြင်းဘာရားကျောင်းအပါအဝင် နေအိမ် ၁၃ လုံးကိုလည်း အကြမ်းဖက်စစ်ကောင်စီအဖွဲ့က မီးရှို့သွားခဲ့သေးသည်။
ဖလမ်းမြို့နှင့် ၁၀ မိုင်ခန့်ဝေးသည့် နေရာတွင် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ဖလမ်းမြို့ပေါ်တွင် စျေးများနှင့် လူသွားလူလာများ မရှိသေလာက်ဖြစ်သွားသည်။
အကြမ်းဖက်စစ်ကောင်စီအဖွဲ့များသည် ချင်းပြည်နယ်သို့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းကလေးမြို့များမှ တဆင့် ချင်းပြည်နယ်သို့ စစ်အင်အားများ ပို့ဆောင်နေပြီး ဖလမ်း၊ဟားခါးနှင့် မင်းတပ်မြို့များတွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် နေအိမ်နှင့် ဘာသာရေးအဆောက်အအုံများကိုပါ မီးရှို့ဖျက်ဆီးနေသည်။
အကြမ်းဖက်စစ်ကောင်စီအဖွဲ့၏ လူမဆန်စွာလုပ်ရပ်များအတွက် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNF) အနေဖြင့် ဆက်လက်ခုခံကာကွယ်တိုက်ခိုက်မည့်အပြင် လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
Photo – ချင်းပြည်နယ်၊ ဖလမ်းမြို့အနီး ထလန်ရောန်ရွာတွင် ယမန်နေ့က စစ်ကောင်စီအဖွဲ့များက ကျေးရွာအတွင်း နေအိမ် ၁၂ လုံးကို မီးရှို့သွားခဲ့သည့် မြင်ကွင်း