အကြမ်းဖက်စစ်တပ်ကို အဆက်မပြတ် တိုက်ခိုက်မှုများ ပြုလုပ်နေသော စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်သုံးခုဖြစ်သည့် ပင်လည်ဘူးမြို့နယ်၊ ဝန်းသိုမြို့နယ်နှင့်ကောလင်းမြို့နယ်တို့တွင်ယနေ့(စက်တင်ဘာ၂၆)မှစ၍ အင်တာနက်နှင့်ဖုန်းလိုင်းများ ဖြတ်တောက်လိုက်ကြောင်း သိရသည်။
“မနေ့ညက ကောလင်းကအဖွဲ့တွေနဲ့ကျနော်တို့အချင်းချင်း signalကနေ ဆက်သွယ်လို့ရသေးတယ်။ မနက်ပိုင်းမှာ အင်တာနက်ကတော့ ပြတ်သွားပြီ။ ဖုန်းကတော့ ဒီနေ့မနက်၆နာရီထိ နည်းနည်းပြောလို့ရသေးတယ်။ အခုကတော့ ဆက်ရင် ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတယ်ပဲ ဖြစ်နေတယ် ”ဟု ခန္တီးပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဒေသခံအချို့၏ ဖုန်းများထံသို့ဆက်သွယ်မေးမြန်းကြည့်ရာတွင် အင်တာနက်နှင့်ဖုန်းလိုင်းများ ဖြတ်တောက်ပြတ်တောက်နေပြီး ဆက်သွယ်၍လည်း မရရှိခဲ့ပေ။
အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းတိုင်းတွင် ကနီ၊ယင်းမာပင် ၊အရာတော်၊ပုလဲ၊ရေဦးတန့်ဆည်၊ ဘုတလင် ၊ကောလင်း၊ဝန်းသို၊ပင်လည်ဘူး စသည့် ၁၀မြို့နယ်တွင် အင်တာနက်ဖြတ်တောက်ထားသည်။
“အင်တာနက်ရနေတုန်းကတောင်ဗျာ မီးရှို့တာတွေ ရွာကိုဝင်စီးတာတွေက တောက်လျှောက်လုပ်လာတဲ့ကိစ္စကို အခုလိုအင်တာနက်ဖြတ်လိုက်တော့ ပိုဆိုးလာမည့်အနေအထားရှိနေတာပေါ့ ” ဟု စစ်ကိုင်းဒေသခံတစ်ဦးက ပြောသည်။
ယနေ့ အင်တာနက်ဖြတ်တောက်လိုက်သောမြို့နယ်များသည် အကြမ်းဖက်စစ်တပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက အပြင်းအထန် တိုက်ခိုက်လျက်ရှိနေပြီးအကြမ်းဖက်စစ်တပ်က အကျအဆုံးများလျက်ရှိသော နေရာများဖြစ်သည်။
လက်ရှိအချိန်တွင် အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ချင်းပြည်နယ်၊ကချင်ပြည်နယ်တို့တွင် မြို့နယ်စုစုပေါင်း၂၅မြို့နယ်၌ အင်တာနက် ဖြတ်တောက်ထားသည်။