စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းသို့ စစ်ကောင်စီက ဧပြီ ၂၄ ရက်၊ ညနေ ၃ နာရီခွဲအချိန်တွင် (၁၂၀) မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ပျဥ်းတောဦးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ၉ နှစ်အရွယ်ကလေး၂ ဦးအပါအဝင် ၅ ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီက ကလေးမြောက်ပိုင်း၊ ပျဥ်းတောဦးရွာနှင့်ညောင်ကုန်းရွာများဘက်သို့ လက်နက်ကြီး(၆)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျဥ်းတောဦးရွာအတွင်းသို့ (၂)လုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ကလေးမြောက်ပိုင်း ဒေသခံအမျိုးသားတစ်ဦးက MPA ကိုပြောသည်။
“ ပျဥ်းတောဦးရွာနဲ့ညောင်ကုန်းရွာက တကယ်တော့ ဆက်နေတာပေါ့နော်။ ရွာထဲကိုက လက်နက်ကြီး ၂ လုံးကျတယ်။ ကျန်တဲ့အလုံးတွေကတော့ ရွာထဲကိုမကျဘူး။ ရွာထဲကိုကျတဲ့အထဲမှာ ၉ နှစ်အရွယ်က ၂ ယောက်နဲ့ ကျန်တဲ့သက်ကြီးရွယ်အိုပိုင်းက ၃ ယောက်၊ စုစုပေါင်း ၅ ယောက်သေဆုံးပါတယ်ဗျ။ ထိခိုက်ဒဏ်ရာလည်း (၅)ယောက်ရတယ်ဗျ” ဟု ၎င်းကရှင်းပြသည်။
ယနေ့နံနက်၊ ၉ နာရီအချိန်ခန့်ကလည်း အဆိုပါကျေးရွာများဘက်သို့ စစ်ကောင်စီက လက်နက်ကြီး၂ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုများကိုမူ မသိရှိရသေးကြောင်း အထက်ပါဒေသခံက ဆက်လက်ပြောသည်။
စစ်ကောင်စီသည် ကလေးမြို့အနောက်မြောက်ပိုင်းကျေးရွာများသို့ ဧပြီ ၅ ရက်မှစတင်၍ စစ်ကြောင်းထိုး၍ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး ကလေးမြောက်ပိုင်းကျေးရွာ(၁၀)ရွာမှ ဒေသခံသောင်းနှင့်ချီ၍ ဘေးလွတ်ရာသို့ရှောင်တိမ်းနေကြရသည်။
“ တစ်ရွာနဲ့တစ်ရွာကတော့ မတူကြဘူး။ တချို့ရွာတွေကတော့ တောတိုက်တွေထဲမှာတဲထိုးပြီးနေနေကြတာရှိသလို တချို့ရွာတွေကတော့ ဘေးလွတ်ရာရွာတွေနဲ့ နီးစပ်ရာဆွေမျိုးတွေရှိတဲ့ရွာတွေကို ရှောင်နေကြရတယ်” ဟု ကလေးမြောက်ပိုင်းဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
စစ်ကောင်စီသည် ယမန်နေ့၊ ညပိုင်းတွင် နန်းချောင်းရွာအတွင်းဝင်ရောက်၍ မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာနေသည့် အနေအထားတွင်ရှိသည်ဟု ကလေးမြောက်ပိုင်းကာကွယ်ရေးရဲဘော်တစ်ဦးက MPA ကိုပြောသည်။
“ မနေ့ကမနက်ပိုင်းမှာတော့ တိုက်ပွဲတွေဖြစ်သေးတယ်ဗျ။ အထိအခိုက်တွေဘာတွေကတော့ ကျွန်တော်တို့ဘာမှပြောလို့မရသေးဘူးဗျ။ စစ်ကြောင်းကမနေ့က နန်းချောင်းရွာကိုဝင်ပြီးမီးရှို့တယ်။ အခုလည်း အဲ့ဒီနားမှာပဲရှိပါသေးတယ်။ ကျန်တာတွေတော့ပြောလို့မရသေးဘူးဗျ” ဟု ၎င်းကဆိုသည်။
လက်ရှိအချိန်အထိ အဆိုပါစစ်ကြောင်းသည် ကလေးမြောက်ပိုင်းမှ ကျေးရွာ ၆ ရွာကို မီးရှို့ဖျက်ဆီးထားပြီး ၎င်းအနက်ကျေးရွာ ၄ ရွာမှာ ရွာလုံးကျွတ်မီးလောင်ကျွမ်းခဲ့ကာ ပြည်သူများအနေဖြင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရကြောင်း စုံစမ်းသိရှိရသည်။