စစ်ကောင်စီက ပြန်လည်သိမ်းယူထားသော ကောလင်းမြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံပြည်သူများမှာ အခြေခံစားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါးပစ္စည်းများအပြင် ရေရှားပါးမှုပြဿနာများပါ ကြုံတွေ့နေရကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။
“ ရေက ဒီလူအင်အားနဲ့ စက်ရေတွင်းက တစ်တွင်းပဲရှိတယ်၊ တစ်နေ့ကို ဆီ၂ဂါလန်ခွဲလောက်ကုန်တော့ မတတ်နိုင်တော့ဘူး။ အဲ့ဒီဆီဖိုးကလည်း စစ်ရှောင်တွေဆီကပဲ အလှူခံရတာ၊ ပြင်ပ ပရဟိတအသင်းတစ်ခုကနေ တစ်နေ့ကို ရေကား ၁၂ ကြိမ်လောက် လာလှူတာတော့တယ်၊ အဲ့ဒါလည်း ချိုးရေအတွက်ပဲအဆင်ပြေတာ၊ သောက်ရေမရဘူး” ဟု နတ်သျှင်တောင် တောင်ခြေတွင် စစ်ရှောင်များအား ကူညီပေးနေသည့် သံဃာတစ်ပါးက မိန့်သည်။
စစ်ဘေးရှောင်ပြည်သူများအနေဖြင့် စားဝတ်နေရေးအတွက် လက်ရှိတွင်အလှူရှင်များအပေါ်သာ မှီခိုနေရပြီး လစဉ်အလှူရှင် အတိအကျမရှိကြောင်း သိရသည်။
“PDF တွေနဲ့လာပြီး အလှူရှင်တွေက လူတစ်ဦးကို ဆန်တစ်ပြည်နှုန်း၊ ဆီတစ်ဘူးနှုန်းဆိုပြီး လာလှူကြတာတော့ရှိပါတယ်၊ ဒါပေမယ့် အဲဒါက တစ်လဘယ်နခေါက်ဆိုပြီး အတိအကျမရှိဘူး။ တပ်ရင်းကလည်း ရေနံတစ်ပီပါနဲ့ ဓာတ်ဆီတစ်ပီပါလာလှူပေမယ့် ခဏနဲ့ကုန်တာပဲ၊ ကောလင်းအသိမ်းခံရပြီးကတည်းက မီးကမလာတော့ ဆီဖိုးမတတ်နိုင်လို့ ညဆို ၄ ရက်မှတစ်ခါပဲ မီးစက်မောင်းပေးနိုင်တော့တယ်” ဟု အထက်ပါဆရာတော်က ဆက်လက်မိန့်သည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းမှစတင်၍ စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုများကြောင့် ပြည်သူအများစုမှာ ပစ္စည်းများများစားစားမသယ်ယူနိုင်ဘဲ အချို့မှာ အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့် ထွက်ပြေးလာရသူများပင်ရှိကြောင်း စစ်ရှောင်များကရှင်းပြသည်။
စစ်ကောင်စီသည် ကောလင်းမြို့အား တော်လှန်ရေးတပ်ဖွဲ့များထံမှ ပြန်လည်ရယူပြီးနောက် ပြည်သူပိုင်နေအိမ်များကို နေ့စဉ်ရက်ဆက်ဆိုသလို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံများက တညီတညွတ်တည်း ပြောသည်။
တောထဲတွင် တဲတန်းလျားထိုးကာနေထိုင်သော စစ်ရှောင်ပြည်သူတစ်ဦးက “ကိုယ့်အရပ် ကိုယ့်ဒေသမဟုတ်တော့ မပျော်ဘူး။ စီးပွားရေးလုပ်စရာလည်းမရှိဘူး၊ ပါလာတာထိုင်စားပဲ၊ ရေကလည်း အဝေးကြီးကိုသွားခပ်ရတာ ရေတစ်ချောင်ရဖို့အရေး စောင့်ပြီး စစ်ပြီးမှခပ်ရတာ၊ ကိုယ်ရောစိတ်ရော ဆင်းရဲတယ် ၊ နောက်ထပ် ဒီဘက်ကို စစ်ကြောင်းထိုးလာရင် ဘယ်ပြေးရမလဲ မသိဘူး၊ ပြန်စရာအိမ်လည်းမရှိတော့ဘူး” ဟုဆိုသည်။
စစ်ဘေးရှောင်ဦးရေ ၅၀၀ ခန့်ရှိသော နတ်သျှင်တောင် တောင်ခြေရှိဘုန်းကြီးကျောင်းတွင် ပင်လည်ဘူး၊ ကောလင်းမြို့ပေါ်နှင့် အနီးတစ်ဝိုက်ကျေးရွာမှ အိမ်ထောင်စုပေါင်း ၁၇၂ စုမှ မိသားစုများနေထိုင်ကြပြီး အခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရသည်။
အခြားစစ်ရှောင်တစ်ဦးကမူ “တစ်နေ့တစ်နေ့ ဝင်ငွေလေးရအောင် ရွာတကာပတ်ပြီး ကုန်စိမ်းရောင်းတယ်၊ ငုတ်တုတ်ထိုင်နေလို့လည်းမရဘူးလေ၊ အဝတ်အစားကလည်း နှစ်စုံပဲပါလာတယ်၊ ကိုယ့်မှာ ဘာမှမရှိတော့ တစ်ခုခုဝယ်ဖို့ဆိုလည်း အတော်လေးစဉ်းစားချင့်ချိန်နေရတယ်၊ ဒီမှာက ရေကလည်းရှားတယ်၊ ဖြစ်နိုင်ရင်တော့ ပြာပုံလေးကျုံးပြီးပဲ တဲထိုးနေရနေရ ပြန်ချင်နေပြီ” ဟု ဆိုသည်။
ကောလင်းမြို့နယ်၊ အရှေ့ခြမ်းနှင့် အနောက်ခြမ်းတို့တွင် စစ်ရှောင်များသည် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ တောထဲ၊ ရွာထဲတွင် ပုံစံမျိုးစုံဖြင့် ပျံ့နှံ့နေထိုင်နေကြပြီး အခက်အခဲမျိုးစုံဖြင့်ရင်ဆိုင်နေကြရကြောင်း သိရသည်။