မကွေးတိုင်း၊ ပေါက်မြို့သို့ ရိက္ခာပို့ပြီး ပြန်လာသည့် စစ်ယာဉ်တန်းကို မိုင်း ၃ကြိမ်ဆွဲခဲ့ရာ စစ်သား ၅ဦး သေဆုံးပြီး ဒဏ်ရာရသူလည်း များကြောင်း မြိုင်ပကဖ က သတင်းထုတ်ပြန်သည်။
ပေါက်မြို့မှ ကမ္မမြို့ဘက်သို့ ဦးတည်ထွက်ခွာလာသည့် ကားအစီး ၇၀ခန့်ပါ ယာဉ်တန်းနှင့် ရှေ့ပြေးစစ်သားတို့ကို ဧပြီ၁၈ရက်၊ ညနေ ၄နာရီ မိနစ်၄၀ခန့်တွင် ကမ္မ မြို့နှင့် မန်းကျည်းသုံးပင် ကျေးရွာ ကြား၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကား ၁ စီး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
“ မနေ့က ညနေပိုင်းမှာတင် ၃ ကြိမ် မိုင်းဆွဲ နိုင်ခဲ့တာပါ။ အဲမှာ သူတို့ဘက် ( စစ်တပ်) အထိအခိုက်ရှိပြီး ကားတစ်စီးလည်း ပျက်သွားတော့ ရှေ့မတက်နိုင်ဘဲ ကားဆက်ထွက်နိုင်အောင် ပြုပြင်နေကြတယ်” ဟု မြိုင် ပကဖ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
ထိုသို့ ကားပြုပြင်နေချိန်၌ ယင်းစစ်ယာဉ်တန်းပါ စစ်သားများက လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ ကားမိုင်းဆွဲပြီး အဲနားက ပြည်သူနေအိမ်တွေက ပစ္စည်းတွေ ခိုးယူနေတဲ့ စစ်သားတွေ နားမှာ တစ်ကြိမ် ထပ်မိုင်းဆွဲ နိုင်တယ်။ ရှေ့ပြေးပွိုင့်ကို တစ်ကြိမ် ထပ် မိုင်း ဆွဲ နိုင်ပါတယ်” ဟု ၎င်း က ဆက်လက်ပြောသည်။
ထို့အပြင် ည ၁၁ နာရီ၄၅ မိနစ်ခန့်တွင်လည်း ကမ္မရဲစခန်း ပတ်လည်၌ ရပ်နား ထားသော ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက် ခဲ့သေးကြောင်း ကမ္မတပ်ပေါင်းစုထံက သိရသည်။
“ မနက်ပိုင်း(ဧပြီ၁၉ရက်)က သူတို့ ယာဉ်ပျက်နေတာတွေ ပြင်ဆင်နေကြတယ်။ ဆက်ထွက်နိုင်အောင် ကြိုးစားနေကြတာ။ကမ္မမြို့ပေါ်က ပြည်သူတွေကတော့ မရှောင် ကြဘူး။ အနီးနားက ရွာတွေကတော့ ရှောင်ကြတယ်” ဟု ကမ္မ မြို့ခံ တစ်ဦးက ပြောသည်။
ယင်းယာဉ်တန်းကြောင့် ကမ္မ မြို့အနီးရှိ ဂျိုးပျံရွာ၊ ပြည့်အိုင်ရွာ၊ မန်ကျည်းတန်းရွာ နှင့်အင်းဘတ်ရွာတို့မှ ပြည်သူ ၂၀၀၀ ကျော်တို့ အရေးပေါ် စစ်ကြောင်းရှောင်နေရကြောင်း သိရသည်။
ယနေ့(ဧပြီ၁၉ရက်) မွန်းလွဲ၂ နာရီခန့်တွင် ယင်းယာဉ်တန်းသည် ကမ္မ မြို့မှ စတင်ထွက်ခွာ ခဲ့ကြောင်း သိရသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုအပေါ် MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။