မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် စစ်ကောင်စီကပေးသည့် လွတ်ငြိမ်းချမ်းသာတွင် ပဲခူးတိုင်းအနောက်ခြမ်းရှိ သာယာဝတီ၊ ပေါင်းတည်၊ ပြည် အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသား ၁၅၈ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၂ ဦးသာပါဝင်ကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။
သာယာဝတီ အကျဉ်းထောင်မှ လွတ်ငြိမ်းဖြင့်လွတ်မြောက်လာသည့် အကျဉ်းသူ၊ အကျဉ်းသား ၈၈ ဦးရှိပြီး ၎င်းတို့အနက် နိုင်ငံရေးအကျဉ်းသား ၁ ဦးသာပါဝင်ကြောင်း အဆိုပါအကျဉ်းထောင်နှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။
“၅၀၅ နဲ့ထောင်ကျနေတဲ့ အမျိုးသားနိုင်ကျဉ်းတစ်ယောက်ပါတယ်၊ လွတ်ရက်စေ့ခါနီးနေပြီ၊ အခု တစ်ခါ အနည်းဆုံးလို့ ပြောရမှာပေါ့၊ လွှတ်ပေးတဲ့ အကျဉ်းသားလည်း နည်းတယ်၊ နိုင်ငံရေးအကျဉ်းသားပါဝင်မှုကလည်းနည်းတယ်”ဟု ၎င်းကရှင်းပြသည်။
ပေါင်းတည်အကျဉ်းထောင်မှ လွတ်ငြိမ်းဖြင့်ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသား၊ အကျဉ်းသူ ၃၀ တွင်လည်း နိုင်ငံရေးအကျဉ်းသားပါဝင်ခြင်းမရှိကြောင်း အဆိုပါမြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ဆက်လက်ပြောသည်။
“ထောင်ရှေ့သွားစောင့်နေသူတွေတော့အများကြီး၊ လွတ်လာတော့ တခြားရာဇဝတ်အကျဉ်းသားတွေချည်းပဲ၊ နိုင်ကျဉ်းတစ်ယောက်မှ မပါကြဘူး။ အဲဒီမှာ(ထောင်ရှေ့)နိုင်ကျဉ်းတွေရဲ့ မိသားစုတွေက ငိုတဲ့သူတွေက ငိုကြပေါ့၊ စိတ်မကောင်းစရာပါ” ဟု ၎င်းကဆိုသည်။
ထို့အတူ ပြည်အကျဉ်းထောင်မှလည်း အကျဉ်းသူ ၊ အကျဉ်းသား ၄၀ ဦး လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာပြီး ပြန်လည်လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတစ်ဦးသာ ပါဝင်ကြောင်း စုံစမ်းသိရှိရသည်။
“တစ်နိုင်ငံလုံးအနေနဲ့ဆို လွတ်လာတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ကျဉ်းက ၄ ရာခိုင်နူန်းလောက်ပဲပါတယ်၊ ဘာလို့အဲဒီလောက်နည်းလည်းဆိုတော့ ၁၀၂၇ စစ်ဆင်ရေးပြီးတည်းက စစ်မျက်နှာပြင် တွေအနှံ့မှာ စစ်တပ်က အရှုံးနဲ့ရင်ဆိုင်နေရတယ်၊ အဲ့ဒီတော့ သူတို့ကို အမြဲတန်းဆန့်ကျင်ကန့်ကွက်တွန်းလှန်နေတဲ့ နိုင်ကျဉ်းတွေကို များများစားစားလွှတ်ပေးရဲတဲ့သတ္တိမရှိဘူး။ နိုင်ကျဉ်းတွေကို များများလွှတ်ပေးလိုက်ရင် သူတို့(စစ်ကောင်စီ)ဆန်ကျင်တွန်းလှန်မယ့်သူတွေပိုများပြီး ပိုစည်းလုံးသွားမှာ ကြောက်နေတာ၊ သူတို့(စစ်ကောင်စီ)ဘယ်လောက်တောက်ကြောက်လည်းဆိုရင် လျှော့ရက် ခံစားခွင့်ကိုတောင် နိုင်ကျဉ်းတွေကိုမပေးဘူး”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မှတ်ချက်ပြုသည်။
စစ်ကောင်စီအနေဖြင့် နိုင်ငံတဝန်းရှိ အကျဉ်းထောင်နဲ့အချုပ်ထောင်အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ ၃,၃၀၃ ဦးကို လွတ်ငြိမ်ဖြင့်ပြန်လည်လွှတ်ပေးပြီး ထိုအထဲတွင် နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသား ၁၀၁ ဦးသာ ပါဝင်သည်။