စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်မည်ဟု စစ်တပ်ထောက်ခံသူများက သတင်းအမှားဖြန့်ဝေမှုကြောင့် ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်)၊ ညပိုင်းတွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ဒေသတွင်းစစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်နေသူများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။
စစ်ကောင်စီတပ်က ဒီပဲယင်းမြို့နယ်အတွင်းရှိ အင်တန်းကျေးရွာအနီးတဝိုက်ကို ဂျက်ဖိုက်တာဖြင့် ဗုံး ၁၀ လုံးကျော် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
“ မနေ့က ၇ နာရီ ၂ မိနစ်နဲ့ ၁၅ မိနစ်မှာတကြိမ်ပေါ့ဗျာ၊ နှစ်မိနစ်မှာ ဗုံး ၃ လုံးချတယ်၊ ပြန်ဝိုက်လာပြီး ၉ လုံးထပ်ချသွားတယ်။ ညဖက် ငါးရှဉ့်ထိုးတဲ့သူတွေရှိတော့ သူတို့လဲလေယာဥ်သံပြန်ကြားတဲ့အချိန်အကုန်ပစ်ချပြီးပြေးရတယ်၊ အင်တန်းကနေ မြို့အဝင်နားအထိကြဲချသွားတာ” ဟု ဒီပဲယင်းမြို့နယ်၊ ညီနောင်များအဖွဲ့တာဝန်ရှိသူမှဆိုသည်။
လေကြောင်းတိုက်ခိုက်ခံရချိန်တွင် ဒေသအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီထောက်ခံသည့် telegram channl (တယ်လီဂရမ်ချန်နယ်)များတွင် တော်လှန်ရေးတပ်ဖွဲ့များက ဒီပဲယင်းမြို့ကိုသိမ်းပိုက်မည်ဟု သတင်းအမှားဖြန့်ဝေမှုများကြောင့် တိုက်ခိုက်ခံရခြင်းဖြစ်နိုင်ကြောင်းတော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က မှတ်ချက်ပြုသည်။
“ ဒီတလောက ဒီပဲယင်းမှာထိတွေ့တာမျိုးမရှိဘူး။ ထူးခြားဖြစ်စဥ်လည်းရှိဘူး။ လိုက်ရှာကြည့်တော့ စစ်တပ်ထောက်ခံတဲ့ True media ကဒီသင်္ကြန်တွင်းမှာမြို့ကိုသိမ်းမယ်ဆိုပြီးသတင်းအမှားဖြန့်ထားတာတွေ့တယ်၊ ပြီးတော့ဒီမှာက ညဖက်လယ်ထဲမှာငါးတို့၊ ငါးရှဉ့်တို့ရှာတဲ့အချိန်မီးရောင်မှိန်မှိန်တွေ့တော့ PDF တွေလာတိုက်တယ်ဆိုပြီး ကြဲတာလဲဖြစ်နိုင်တယ်” ဟု အမည်မဖော်လိုသည့် ဒေသတွင်းတော်လှန်ရေးတပ်သားတစ်ဦးကဆိုသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူထိခိုက်မှုနှင့် အဆောက်အဦးတစုံတရာ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။