မြန်မာ့နှစ်သစ်ကူး အထိမ်းအမှတ်(နှစ်ဆန်းတစ်ရက်နေ့)၊ ယမန်နေ့(ဧပြီ ၁၇ရက်)တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် ကချင်ဘာသာရေးခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်တပ်က ပြန်လည်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ယမန်နေ့(ဧပြီ ၁၇ရက်)၊ ည ၁၁နာရီခန့်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ ဒေါက်တာခလမ်ဆမ်ဆွန်နေအိမ်သို့ စစ်တပ်က အင်အားအများအပြားဖြင့် ရောက်ရှိလာပြီးနောက် ၎င်းကို ပြန်လည်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ ဖမ်းဆီးခံခဲ့ရတယ်ဆိုတာတော့ ဟုတ်ပါတယ်။ အိမ်ရောက်ပြီးတော့ ညဘက်ကြီးကို စစ်တပ်က ပြန်လာဖမ်းသွားတာ၊ အင်အားကတော့ အတော်များတယ်။ အနည်းဆုံး ၂၀ကျော်လောက် ရှိမယ်” ဟု ၎င်းက ပြောသည်။
ဒေါက်တာခလမ်ဆမ်ဆွန်ကို မည်သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးသွားခြင်းကိုမူ မသိရသေးကြောင်းနှင့် ယခုလက်ရှိအချိန်ထိ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုမူ မသိရှိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
ဒေါက်တာခလမ်ဆမ်ဆွန်သည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ ချုပ်(KBC)၏ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံထားရသူတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရကာ၊ မတရားအသင်းအက်ဥပဒေ ၁၇ (၁) နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)၊ ၅၂ (က) များဖြင့် ထောင်ဒဏ် ၆နှစ်မှတ်ခြင်းခံခဲ့ရသည်။
ထို့နောက် မြစ်ကြီးနားအကျဉ်းထောင်တွင် တစ်နှစ်ကျော်ကြာ အကျဉ်းကျခံခဲ့ရပြီးနောက် လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်ခဲ့သော်လည်း အကြောင်းပြချက်မရှိဘဲ စစ်တပ်က ထပ်မံ ဖမ်းဆီးခဲ့ခြင်းလည်းဖြစ်သည်။
” ဒီလိုမျိုး ပြန်လည်ဖမ်းဆီးမှုတွေက လုံးဝ မလုပ်သင့်ဘူး။ ဥပဒေ အရမ်းမဲ့လွန်း အားကြီးတယ်။ ယုံကြည်ချက် ပြင်းထန်တဲ့သူတွေ၊ ဆန့်ကျင်တွန်းလှန်နိုင်မဲ့သူတွေကို စစ်တပ်က လွယ်လွယ်ကူကူနဲ့ လွှတ်ပေးရိုး ထုံးစံမရှိဘူး။ ပြန်လည်ဖမ်းဆီးတယ်၊ ညှိနှိုင်းတယ်၊ သူတို့နဲ့ (စစ်ကောင်စီတပ်) ပြေလည်စွာမညှိနှိုင်းဘူးဆိုရင် ထောင်ထဲကို ပြန်ထည့်တယ်။ ဒီလိုမျိုး နိုင်ငံရေးအကျဉ်းသားတွေအပေါ် တန်းတူညီမျှမရှိမှုမျိုးကိုတော့ စစ်ကောင်စီအနေနဲ့ မလုပ်သင့်ဘူးလို့ သဘောမှတ်ချက်ပေးလိုပါတယ် “ ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ ၁၅ရက်ကလည်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် အဆိုတော် စောဖိုးခွားအား အင်းစိန်အကျဉ်းထောင် ထောင်ဗူးဝ၌ ပြန်လည်ဖမ်းဆီးခဲ့သေးသည်။
ထို့အပြင် ၂၀၂၁ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာပြီး ပြန်လည်ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားအရေအတွက် ၁၁၀ဦးအထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေးအသင်း AAPP၏ စာရင်းများအရ သိရသည်။