စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် ခရီးသွားပြည်သူများကို ငွေတောင်းရမ်းနေသည့် စစ်သားများအား ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၆ ဦးသေဆုံးကြောင်း Ghost Team Ranger Myinmuက သတင်းထုတ်ပြန်သည်။
မတ်လ ၂၈ရက်က မန္တလေး-မုံရွာလမ်းပိုင်း စစ်ကိုင်းမြို့နယ်၊နုံးတွင်းကျေးရွာရှိ ပြည်သူများကို ငွေတောင်းရမ်းနေသော စစ်သားများကိုဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“နုံးတွင်းရွာ ဘုန်းကြီးကျောင်းမှာတပ်စွဲထားပြီးတော့ မန္တလေး-မုံရွာလမ်းပေါ်တက်ပြီး ခရီးသွားတွေကို ပိုက်ဆံကောက်တဲ့အချိန် ကျနော်တို့ က ဗုံးသီး ၈ လုံးကြဲချတာ။ပစ်တာကတော့ တောက်လျှောက်ပစ်တာပဲ။နုံးတွင်း မစ်ရှင်ကတော့ သေတဲ့ကောင်တွေ ဘယ်ကို ပို့သလဲတော့မသိဘူး” ဟု Ghost Team Ranger Myinmuမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကပြောသည်။
မတ်လ ၂၇ ရက် ၊နေ့ခင်း ၁၂ နာရီခန့်တွင်လည်း မန္တလေး – မုံရွာလမ်းပိုင်း မြင်းမူမြို့နယ်၊မြောင်လမ်းခွဲ ဂိတ်စခန်းနှင့်Max ဆီဆိုင်၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ကြဲချတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“Max ဆီဆိုင်ကို စစ်ကြောင်းရောက်နေချိန် ဗုံးသီး ၈ လုံးကြဲတယ်။ခဏနေတော့ မြောင်လမ်းခွဲက အထိုင်စခန်းကို ၄၁ လုံးကြဲချတာ။လမ်းဘေးမှာရှိတဲ့ ဘန်ကာ ပျက်စီးသွားတယ်။စစ်သား ၃ ဦးသေတယ်။အဲ့ကောင်တွေကိုတော့ အဲ့နားမှာ ပဲ မြှုပ်တယ်လို့သိရတယ်” ဟု Ghost Team Ranger Myinmuမှ Drone တာဝန်ခံ ကပြောသည်။
အဆိုပါတိုက်ခိုက်မှုများကို မြင်းမူမြို့နယ်(ပကဖ)က ဦးဆောင်၍ Black Eagle Defense Force-MMU၊စစ်ကိုင်းခရိုင်အမှတ်-၂ တပ်ရင်း၊တပ်ခွဲ-၂၊Ghost Team Ranger Myinmu၊မြင်းမူ(ပလဖ)နှင့်မြင်းခြံခရိုင်အမှတ်-၆ တပ်ရင်း တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။