ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ နှစ်ပွင့်ဗိုလ်အဆင့်ရှိ ရဲအုပ်တစ်ဦးကို CDF (ဟားခါး)က ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့သတင်းထုတ်ပြန်သည်။
ဖမ်းဆီးရမိခဲ့သည့်ရဲမှာ နှစ်ပွင့်ဗိုလ်ရဲအုပ်ကျော်လင်းဦးဆိုသူဖြစ်ပြီး ဟားခါးမြို့အတွင်း အရပ်ဝတ်ဖြင့် သတင်းထောက်လှမ်းနေချိန် မတ်လ ၂၃ ရက်၊ ညနေ ၃ နာရီအချိန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း CDF (ဟားခါး)၏ တာဝန်ရှိသူတစ်ဦးက MPA ကိုပြောသည်။
“ မြို့တွင်းမှာပဲ ဖမ်းရတာပါ။ ပစ်ခတ်ဖမ်းဆီးရတာမရှိဘူး။ ဒီအတိုင်းပဲ သူ(ဖမ်းခံရသည့်ရဲအုပ်)က အညံ့ခံတာပေါ့။ နောက်ပြီး သူနဲ့အတူ တစ်နိုင်ငံလုံးပြောလို့ရတဲ့ တော်ကီအကောင်းစားပါတယ်ပေါ့နော်” ဟု ၎င်းကဆိုသည်။
ရဲအုပ်ကျော်လင်းဦးသည် စစ်ကောင်စီအာဏာမသိမ်းမီက တစ်ပွင့်ဗိုလ်အဆင့်သာရှိပြီး စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူများကို ဖမ်းဆီးထောက်လှမ်းခြင်းများကြောင့် ရာထူးတိုးလာသူတစ်ဦးလည်းဖြစ်သည်။
အဆိုပါရဲအုပ်ဖမ်းဆီးခံရပြီး ၂ ရက်အကြာတွင် ဟားခါးမြို့ရှိစစ်ကောင်စီတပ်က မတ်လ ၂၅ ရက်၊ ညပိုင်းတွင် လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး အရပ်သားနေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦးသေဆုံးကာ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“ ရဲအုပ်ဖမ်းခံရတာနဲ့ဆိုင်လား၊ မဆိုင်လားတော့မပြောတတ်ဘူး။ ထိတွေ့တိုက်ပွဲမဖြစ်ဘဲ ခရိုင်ရဲစခန်းကနေ လက်နက်ကြီးနဲ့ထုနေတာမှာ မြို့သစ်ရပ်ကွက်က အိမ်တစ်လုံးပေါ်ကျပြီး အရပ်သားတစ်ဦးသေဆုံးတယ်။ ကလေးငယ်တွေနဲ့သူ့မိသားစု ၄ ဦးဒဏ်ရာရတယ်လို့သိရတယ်။ ဒီနေ့မနက်လည်း လက်နက်ကြီးလက်နက်ငယ်နဲ့ပစ်တယ်” ဟု ဟားခါးမြို့ဒေသခံအမျိုးသားတစ်ဦးက MPA ကိုပြောသည်။
ထို့ပြင် ဟားခါးမြို့စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၊ ဖွဲ့စည်းကာ မြို့ပေါ်တွင်အိမ်ထောင်စုစာရင်းများ လိုက်လံကောက်ခံလျက်ရှိနေပြီး လူငယ်အများအပြား ဘေးလွတ်ရာသို့ရှောင်တိမ်းနေရကြောင်း ဒေသခံများထံကသိရသည်။
“ ကျွန်တော်တို့ဆီဝင်လာတဲ့လူငယ်တွေရှိတော့ရှိတယ်။ အနည်းအကျဥ်းလောက်ပဲ။ ပြီးတော့ CNA ထဲဝင်တာတွေလည်း အနည်းအကျဥ်း ရှိတော့ရှိတယ်ပေါ့နော်။ တချို့ကတော့ ရွာတွေဘက်ကိုရှောင်ကြတယ်။ တချို့လည်း အိန္ဒိယပြည်ဘက်ထွက်သွားတာတို့၊ နိုင်ငံခြားထွက်ဖို့ ကြိုးစားတာတို့လည်း ရှိတာပေါ့နော်။ မြို့ထဲမှာတော့ လူငယ်ကတော်တော်လေးရှားနေပြီ” ဟု CDF (ဟားခါး)၏ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။
ယခုမတ်လအတွင်း ဟားခါးမြို့ စစ်ကောင်စီလက်အောက်ခံ ရဲ(၆)ဦးကို CDF (ဟားခါး)က ဖမ်းဆီးနိုင်ခဲ့သည့်အပြင် စစ်ကောင်စီတပ်သားများနှင့်ရဲများသည်လည်း အလင်းဝင်ရောက်လာမှုများ ရှိနေသည်။
CDF (ဟားခါး)အနေဖြင့် အလင်းဝင်လာသည့် စစ်ကောင်စီနှင့်ရဲတပ်သားများအတွက် လုံခြုံရေးနှင့် စားဝတ်နေရေးများကိုတာဝန်ယူ၍ လက်နက်ခဲယမ်းပါလာသူများကို ထိုက်သင့်သည့်ဆုငွေ ချီးမြှင့်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသူများကိုမူ စစ်ဆေးမေးမြန်းမှုများပြုလုပ်၍ နိုင်ငံတကာစစ်သုံ့ပန်းဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူကထံက စုံစမ်းသိရှိရသည်။