စစ်မှုမထမ်းလိုသဖြင့် လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာသော လူငယ် ၁၀၀ကျော်ကို စစ်သင်တန်းပို့ချမှု ပြီးစီးပြီဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း- ၁၊ ပုလောPDF ထံက သိရသည်။
ဖေဖေါ်ဝါရီ၁၁ရက်တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြုလိုက်ပြီးနောက် ယင်းလူငယ်၁၀၀ကျော်တို့သည် မြိတ်ခရိုင်တပ်ရင်း-၁ ထံသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း ၁၊ ပုလောPDF၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော် အာနိုးက ပြောသည်။
“ ဝင်လာတဲ့ လူငယ်တွေက အယောက် ၁၀၀ကျော်ပြီ။အရေအတွက်အတိအကျတော့ ပြောလို့မရသေးဘူး။သူတို့ကို အခုစစ်သင်တန်းပေးပြီး တိုက်ခိုက်ရေး လေ့ကျင့်ခန်းတွေ သင်ကြားပေးပြီးပါပြီ” ဟု ၎င်းက ပြောသည်။
ယင်း လူငယ် ၁၀၀ကျော်တို့သည် မြိတ်ခရိုင်တပ်ရင်း- ၁ ထံသို့ရောက်ရှိပြီးနောက် ၎င်းတို့၏ သဘောဆန္ဒဖြင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ သူတို့စစချင်း ဝင်လာတော့သူတို့ကို ပုလောက လွတ်မြောက်နယ်မြေမှာထားတယ်။စားနပ်ရိက္ခာနဲ့ နေစရာပေးတယ်ပေါ့။စစ်မှုမထမ်းချင်တဲ့လူငယ်တွေအနေနဲ့ PDFထဲမဝင်ဘဲ ခိုလှုံခွင့်လည်းပြုပေးထားပါတယ်။သူတို့ကိုယ်တိုင်က စစ်ကောင်စီကိုတိုက်ခိုက်ချင်လို့ သူတို့နဲ့ ခင်တဲ့သိတဲ့ PDFရဲဘော်တွေကတစ်ဆင့် လွတ်မြောက်နယ်မြေကို ရောက်လာကြတာပေါ့။ဒါကြောင့် သူတို့ကို PDFစစ်စည်းကမ်းတွေပြောပြီး စစ်သင်တန်းပေးတာပါ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက ပုလောဒေသခံများကို စစ်မှုထမ်းဥပဒေဆိုင်ရာ လက်ကမ်းစာစောင်များဝေလျက်ရှိပြီး မဲနှိုက်ရွေးချယ်ရန်လည်း စီစဉ်နေကြကြောင်း ပုလောမြို့နယ်၊ လက္ကူးရွာခံတစ်ဦးက ပြောသည်။
“ မတ်လ ၂၁ရက်နေ့က မြို့မဈေးနားမှာရော၊လက္ကူးရွာထိပ်မှာရော စစ်မှုထမ်းဖို့ စာရွက်တွေဝေတယ်။ပြီးရင် တစ်ရပ်ကွက်ကို ၃ယောက် စစ်မှုထမ်းရမယ်ပြောတယ်။သန်းခေါင်စာရင်းကို အုပ်ကြီးကကြည့်ပြီး မဲနှိုက်ရမယ့်လူငယ်တွေရဲ့ မိဘတွေကိုခေါ်တယ်။ပြီးရင်မဲနှိုက်ခိုင်းမယ်။ဗလာဆို ဘာမှမရေးထားဘူး။နံပါတ် ၁၊၂၊၃ကျတဲ့သူပဲ စစ်မှုထမ်းရမှာပေါ့။နံပါတ် ၁နဲ့ ၂ကို စစ်တပ်ကခေါ်ပြီး သင်တန်းပေးမယ်။နံပါတ် ၃ကိုကျ သက်ဆိုင်ရာရွာမှာပဲထားပြီး လုံခြုံရေးယူခိုင်းမယ်လို့ ပြောတယ်။အခုထိတော့ မဲမနှိုက်ရသေးဘူး” ဟု ၎င်းက ပြောသည်။
တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ပွဲများ ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပြီး တိုက်ပွဲများ ပြင်းထန်လာနိုင်သဖြင့် ပုလောဒေသခံများအနေ နှင့် ဗုံးခိုကျင်းများတူးထားရန် ပုလောPDF က အကြံပြုထားသည်။
လက်ရှိတွင် ပုလောအခြေစိုက် စစ်ကောင်စီတပ်များသည် စစ်ကြောင်းထိုး တိုက်ခိုက်ခြင်းမပြုဘဲ ဂိတ်စခန်းများချကာ လုံခြုံရေးတင်းကျပ်ထားကြောင်း MPAက စုံစမ်းသိရသည်။