စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပန်းရံပျူရွာတွင် အစည်းအဝေးလုပ်နေသော စစ်အုပ်စုကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မတ်လ ၂၅ရက်၊ နေ့ခင်း ၁၁နာရီ ၄၅မိနစ်ခန့်က ရွှေဘိုမြို့နယ်အနောက်ခြမ်း၊ ပန်းရံပျူစောထီးကျေးရွာတွင် အစည်းအဝေးလုပ်နေသော စစ်သားနှင့်ပျူစောထီးကို Fixed Wings ဒရုန်း(မောင်းသူမဲ့လေယာဉ်)ဖြင့် ဗုံးသီး ၄လုံးကြဲချခဲ့ရာ လက်နက်ကိုင်ပျူစောထီး နက်တူးအပါအဝင် ၂ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Shwebo Crocodile အဖွဲ့က သတင်းထုတ်ပြန်သည်။
ယင်းအစည်းအဝေးမှာ PDFတို့၏ ဒရုန်းရန် ကာကွယ်နိုင်ရေးအတွက် Jammer (ရေဒီယို လှိုင်းဖြတ်စက်)တပ်ဆင်ရန်နှင့် ပျူစောထီးများ၏ အသုံးစရိတ်ကို ပြည်သူများထံက ကောက်ခံရန် ပြုလုပ်နေသည့် အစည်းအဝေးဖြစ်ကြောင်း မြေပြင်သတင်းပေးချက်အရ သိရသည်ဟု Shwebo Crocodile အဖွဲ့ခေါင်းဆောင် ဗိုလ်မိကျောင်းကပြောသည်။
” ပျူနဲ့ စစ်သားတွေ ရွာလယ်ခေါင်မှာလုပ်နေတာ။ ဒဏ်ရာရတဲ့ ၂ယောက်ကို ရွှေဘိုမှာ မနိုင်လို့ မန္တလေးတက်ကုနေတယ်ကြားတယ်” ဟု ၎င်းကပြောသည်။
ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ပန်းရံပျူရွာနှင့် သီးလုံးပျူရွာတို့မှ လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း PDF ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပန်းရံပျူရွာတွင် စစ်သားနှင့် ပျူစောထီး စုစုပေါင်းအင်အား ၁၀၀ဝန်းကျင်ရှိပြီး သာမန်ပြည်သူများလည်း ကျန်ရှိနေသေးကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) ဒုတာဝန်ခံကပြောသည်။
” ကြားနေပြည်သူတွေလည်းရှိသေးတယ်။ သူတို့ အပြင်ကို တိမ်းရှောင်ဖို့ကို အပြင်မထွက်ဖို့ဖိအားပေးထားတယ်။ ပြည်သူကို လူသားဒိုင်းအဖြစ်ကာထားတာပေါ့” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုကို Shwebo Crocodile ၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ)၊ Buffalo Soldiers Freedom Force (BGS)၊ X Force LPDF (shwebo) ၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ သိင်္ခအားမာန်၊ ဗိုလ်လင်းရောင်(ဒပယ)၊ ဇာမဏီဒေါင်း(ဒပယ)နှင့် ရွှေဘိုမြို့နယ် တိုက်နယ်(၂) တပ်ပေါင်းစုတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပျူစောထီး၂ဦး ဒဏ်ရာရမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။