ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာရှိ စစ်ကောင်စီရဲစခန်းကို ယမန်နေ့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၃ ဦး လက်နက်ချ အညံ့ခံကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
အဆိုပါ စစ်ကောင်စီရဲစခန်းကို မတ်လ ၂၄ ရက်၊ နံနက်ပိုင်းက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မတ်လ ၂၅ ရက်၊ နေ့လည်ပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း မြေပြင်ရှိတော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“ လက်နက်ချတဲ့သူတွေအကုန်လုံးကို ကျွန်တော်တို့ ထိန်းသိမ်းထားတယ်။ သူတို့ စခန်းမှာ အင်အားက ၂၅ ယောက်ရှိတယ်။ ၂ ယောက်သေတယ်။ ၂၃ ယောက်က လက်နက်ချအညံ့ခံတယ်။ လက်နက်ခဲယမ်းသိမ်းဆည်းရရှိတဲ့အခြေအနေကတော့ စိစစ်နေဆဲပါပဲ” ဟု ၎င်းကရှင်းပြသည်။
တစ်ရက်ကျော်ကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ အလွန်အကျွံအသုံးပြုပြီးခုခံခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်များက စခန်းအားရရှိသည်အထိ ထိုးဖောက် သိမ်းပိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ တိုက်ပွဲဖြစ်နေတဲ့အချိန် ဖုန်းလိုင်းက မိလိုက်၊ မမိလိုက်နဲ့ဆက်သွယ်ရလဲခက်ခဲ၊ လေယာဉ်နဲ့ အပေါ်ကနေ ပစ်တာဆိုတာ အဆက်မပြတ်ပဲ။ ရွာကလူတွေအကုန်လန့်ပြီး လုံခြုံမယ်ထင်တဲ့နေရာ ပုန်းနေကြရတယ်။ လောလောဆယ်တော့ရွာမှာ အခြေအနေအေးနေတယ်။ ရွာကလူတွေလဲ စစ်ရှောင်နေကြပြီလေ” ဟု ကော့ဘိန်းကျေးရွာတွင် နေထိုင်သည့် ဒေသခံတစ်ဦးက ဆိုသည်။
လတ်တလော စစ်ကောင်စီဘက်က အင်အားဖြည့်တင်းမှုများလုပ်ဆောင်နေသော်လည်း တိုက်ပွဲဖြစ်ပွားနေခြင်းတော့ မရှိကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ စစ်ကောင်စီရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်မှုကို Lion Battalion ဗျူဟာစစ်ကြောင်း၊ မွန်ပြည်သစ်ပါတီ-AD ၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော်-Mon Liberation Army ၊ ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့၊ KNDO တပ်ရင်း ၆ ၊စောနဂါးတပ်ဖွဲ့၊ SSDF ဒရုန်းတပ်ဖွဲ့ နှင့် အယ်ဖာဘတ်ဒရုန်းအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၂ ဦး ထိခိုက်ကျဆုံးခဲ့ကြောင်း သိရသည်။
Lion Battalion Commando – ဗျူဟာစစ်ကြောင်းကလည်း အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၃ ဦးလက်နက်ချအညံ့ခံပြီး သေနတ် ၂၇ လက်နှင့် ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း ယနေ့၊ နံနက်တွင် သတင်းထုတ်ပြန်ထားသည်။
ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများနှင့် စပ်လျဉ်း၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဘားအံ-မြဝတီ အာရှလမ်းပိုင်းနှင့် ကောကရိတ်မြို့ပေါ် ဧရိယာ ၆၀ ရာခိုင်နှုန်းကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ၊ ၂၇ ရက်ကထုတ်ပြန်အသိပေးထားသည်။