မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကျောက်ဖြူတောင်ကျောင်း(ဘောဂဝတီ)ရှိ ဘုန်းကြီးဥူးစန္ဒိမာသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်ကာ ပြည်သူများအပေါ် ခြိမ်းခြောက်အနိုင်ကျင့်နေသောကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရခြင်းဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုဖြစ်သည့် Kyaikhto Revolution Force (KRF) အဖွဲ့က ယနေ့သတင်းထုတ်ပြန်ထားသည်။
အဆိုပါဘုန်းကြီးကို ကင်မွန်းချောင်းနယ်မြေရဲစခန်းလမ်းဆုံရှိ စင်တော်ကဖီးဆိုင်ရှေ့တွင် မတ်လ ၂၅ ရက်၊ မွန်းလွဲ ၁ နာရီအချိန်က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့၏တာဝန်ခံကပြောသည်။
“ဘုန်းကြီးကတော့ပွဲချင်းပြီးသွားတယ်၊ ဘုန်းကြီးနဲ့ပေါင်းနေတဲ့ အဲဒီဆိုင်(စင်တော်ကဖီး)ပိုင်ရှင် တင်ငြိမ်း ကိုလည်း ပစ်သေးတယ်၊ သူကတော့ ဗိုက်ထိသွားလို့ ဆေးရုံတင်ထားရတယ်ပြောတယ်၊ ဘုန်းကြီးဆီမှာ သေနတ်ရှိတယ်တော့ ပြည်သူတွေပြောတယ်။ ကျွန်တော်တို့လည်းရဲစခန်းနဲ့နီးနေတော့ ပစ်ပြီးတန်းပြေးလာတာ၊ ရှာဖွေရေးတောင် မလုပ်ခဲ့ရဘူး”ဟု ၎င်းက ရှင်းပြသည်။
ပစ်ခတ်ခံရသည့် ဘုန်းကြီးသည် ပြည်သူများအပေါ် ခြိမ်းခြောက်ခြင်း၊ တော်လှန်ရေးရဲဘော်များ၏ သတင်းများကိုစုံစမ်းကာ စစ်ကောင်စီအားသတင်းပေးခြင်းများပြုလုပ်သည့်အပြင် ၎င်း၏ကားအား စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းလှည့်ရာတွင် အသုံးပြုစေခြင်းများလုပ်ဆောင်ကြောင်း ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။
“စစ်မှုထမ်းဖို့ ရွာသားတွေကို ဖိအားပေးတာရော၊ စည်းရုံးတာတွေရောလုပ်နေတယ်ဗျ။ စစ်တပ်မကောင်းကြောင်းတို့ တော်လှန်ရေးအကြောင်းတို့ဆို သူ့ရှေ့မှာဘယ်သူမှမပြောရဲဘူး။ သူဖမ်းခိုင်းလို့ အဖမ်းခံရတဲ့ပြည်သူတွေလည်း ရှိတယ်”ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
ကျိုက်ထိုတော်လှန်ရေးအင်အားစုဖြစ်သည့် Kyaikhto Revolution Force(KRF)အဖွဲ့အနေဖြင့် ဒေသခံများ၏ တိုင်တန်းချက်အရ ယခုကဲ့သို့ ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
“ ခြောက်လုံးပြူး ခါးချိတ်ပြီးတော့ စစ်မှုမထမ်းမနေရဆိုပြီး အတင်းအကျပ်တွေလုပ်တယ်။ ရွာသားတွေရဲ့ဆန္ဒမပါဘဲ သူ့ဘာသာသူ စာရင်းတွေထည့်တာတွေလုပ်တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးကဆိုသည်။
အဆိုပါ ဘုန်းကြီးပစ်ခတ်ရှင်းလင်းခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသာမက အရပ်ဝတ်များပါရောက်ရှိလာပြီး ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၄ ရက်ကလည်း ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးစံလွင်အား ခမရ(၂)စစ်တပ် အနီးတွင် Kyaikhto Revolution Force (KRF) ရဲဘော်များက ပစ်ခတ်ခဲ့သေးသည်။
မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင်လည်းဘုန်းကြီးဟန်ဆောင်ပြီး တော်လှန်ရေးရဲဘော်များ၏ သတင်းအား ရယူနေသည့် စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦးအား မတ်လ ၂၂ ရက်တွင် နတ်မောက်ဂဠုန်တပ်ဖွဲ့ကဖမ်းဆီးရမိခဲ့သည်။