စစ်ကိုင်းတိုင်း၊ ရေဦးမြို့မြောက်ဘက် မြို့အဝင်တွင် ဂိတ်ချထားသည့် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြေင့် ပြည်သူ ၂ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယနေ့ (မတ်လ ၂၄ရက်)၊ မနက် ၇နာရီ ဝန်းကျင်က ရေဦးမြို့မြောက်ရှိ စစ်ကောင်စီတပ်သည် ၈၁မမ ၂လုံးဖြင့် ပစ်ခတ်ခဲ့ရာ ဗိုလ်ရုံကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး ရွာခံအမျိုးသမီး ၂ဦးသေဆုံးခဲ့ကြောင်း အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက MPA ကိုပြောသည်။
“ တစ်လုံးကမကွဲဘူး။ နောက်တစ်လုံးက ရွာတောင်ပိုင်းကိုကျတာ၊ သူတို့အိမ်ထဲမှာ သူတို့နေနေတာကို အိမ်ပေါ်ကို ကျပြီး ဆုံးသွားတာ” ဟု ၎င်းကပြောသည်။
သေဆုံးသည့် အမျိုးသမီး၂ဦးမှာ ဒေါ်အုန်းရင် (အသက် ၈၆နှစ်)နှင့် မကြူ (အသက် ၄၄နှစ်)တို့ ဖြစ်ပြီး ဒေါ်အုန်းရင်၏ရုပ်အလောင်းကိုတော့ သင်္ဂြိုဟ်ပြီးစီးပြီဖြစ်ကြောင်း မကြူ၏မောင်ဖြစ်သူကပြောသည်။
“ ဒေါ်အုန်းရင်က ငါးမိနစ် ဆယ်မိနစ်လောက် အသက်ငင်နေသေးတယ်။ သူကို တန်း သင်္ဂြိုဟ်လိုက်တယ်။ ကျတော်အမ (မကြူ) ကတော့ ပွဲချင်းပြီးဗျ၊ သူ့ကို မ သင်္ဂြိုဟ်ရသေးဘူး။ သားသမီးတွေလာတာစောင့်နေတာ၊ ရောက်ရင်တော့ သဂြိုလ်မှာပါ။ အိမ်ကလည်း ပျက်စီးသွားတယ်။ စစ်ကြောင်းက အခု ကျတော်တို့နားမှာရောက်နေတယ်” ဟု ၎င်းကပြောသည်။
ယင်းကဲ့သို့ လက်နက်ကြီးပစ်ခတ်ခဲ့သည့် စစ်ကောင်စီဂိတ်ကို ယနေ့ (မတ်လ ၂၄ရက်)၊ မနက် ၁၀နာရီခွဲခန့်တွင် Fixed Wings Drone ၂စင်းဖြင့် ဗုံးသီး ၅လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း -၁၄မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ရေဦးတိုင်းရင်းဆေးရုံကနေ အင်အား ၂၅ယောက်နဲ့ မြောက်ဘက်ဂိတ်ကိုလာပြီး ၈၁မမနဲ့ ပစ်ခတ်တယ်။ စစ်ရှောင်တွေရှိတဲ့ဆီကိုပစ်တာ။ လမ်းရှင်းတဲ့သဘောပေါ့နော်။ လက်နက်ကြီးပစ်လို့ ပစ်တဲ့နေရာကို ဒရုန်းနဲ့သွားချတာ။ ပထမ ၂လုံးချပြီးတော့ ဆက်ပစ်သေးတယ်။ စုစုပေါင်း ၅လုံးချပြီးတော့ လက်နက်ငယ်ပဲဖောက်ပြီး ငြိမ်သွားတယ်။အထိခိုက်အကျအဆုံးကတော့ မသိရသေးဘူးဗျ ” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၁ရက်က အင်အား ၁၂၀ခန့်ဖြင့် တန့်ဆည်မြို့ပေါ်ကထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ (မတ်လ ၂၄ရက်) ညပိုင်းတွင် ဖန်ခါးရွာသို့ရောက်ရှိနေပြီး ရေဦးမြို့ပေါ်ကို ဝင်ရောက်ရန် ပြင်ဆင်နေကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် မတ်လ ၂၃ရက်က ဖန်ခါးဇင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၅၂လုံးခန့် မီးလောင်ပြာကျခဲ့ပြီး ကျေးရွာ၇ရွာမှ ပြည်သူ ၅ထောင်ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။