တော်လှန်ရေးရဲဘော်များ၏ စစ်ယူနီဖောင်းများအတွက် ပိတ်လိပ်နှင့်စက်ချုပ်ပစ္စည်းကိရိယာများ လိုအပ်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF တပ်ရင်းအမှတ် (၅) ထံမှ သိရသည်။
“တော်လှန်ရေးကြာလာတာနဲ့ ကျွန်မတို့ရဲ့ရဲဘော်တွေလည်း ဝတ်စုံတွေပေါက်ပြဲကုန်ကြပြီ ရှေ့တန်းခဏခဏသွားရတဲ့ ရဲဘော်ဆိုရင်ပိုလိုအပ်တယ်။ ပုံမှန်ဆိုရင်တစ်နှစ်ကို အနည်းဆုံးနှစ်စုံလောက်လိုအပ်တယ်။ ဒါက တိုက်ပွဲမှာ ဒဏ်ရာမရခဲ့ရင်ပေါ့၊ ဒဏ်ရာကြောင့် ပေါက်ပြဲတာရယ် တချို့ဆိုရင် ဖြတ်ညှပ်လိုက်ရတာရယ်ဆိုရင် တစ်နှစ်ကို တစ်စုံနဲ့မရပါဘူး။ ဒီတော်လှန်ရေးမပြီးသေးသ၍တော့ ကျွန်မတို့ အမြဲလိုအပ်နေတဲ့ အရာတစ်ခုလို့လည်း ပြောလို့ရတယ်ပေါ့” ဟုယူနီဖောင်းများ ချုပ်ပေးနေသည့် အမျိုးသမီးရဲမေတစ်ဦးက ပြောသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF တပ်ရင်း(၅)ရှိ ရဲဘော်အားလုံးအတွက် (၆)လ တစ်စုံနှုန်းဖြင့်ပေးလျှင် အနည်းဆုံး ပိတ်လိပ် (၆) လိပ်လိုအပ်ပြီး အဓိကလိုအပ်နေသည်များမှာ ယူနီဖောင်းပိတ်လိပ်၊ ကပ်ခွာ၊ ကြယ်သီး၊ အပ်နှင့်ချည်၊ ဇစ် (၇) လက်မအရှည်၊ ပိတ်စအမည်းတို့ ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် တပ်ရင်းအမှတ် (၅)ရှိ ရဲဘော်တစ်ဝက်လောက်သာ ဝတ်စုံရှိပြီး ယူနီဖောင်းမလောက်ငှသဖြင့်အချို့ရဲဘော်များမှာ ကိုယ်ပိုင်ပိုက်ဆံဖြင့်ဝယ်ယူကြသလို လိုက်လံငှားရမ်းဝတ်ဆင်နေသူများလည်းရှိကြောင်း၊ ထို့ပြင် စုတ်ပြဲနေသည်များကို ပြန်လည်ချုပ်ဝတ်နေရသူများလည်းရှိကြောင်း အဆိုပါတပ်ရင်းရှိ ရဲဘော်တစ်ဦးက ဆက်လက်ပြောသည်။
ယူနီဖောင်းရှိခြင်းသည် အဖွဲ့တစ်ခု၏ စနစ်ကျမှုဖြစ်ပြီး မိမိရဲဘော်နှင့် ရန်သူကို ထင်သာမြင်သာရှိစေသည့်အပြင် ရှေ့တန်းစစ်မျက်နှာပြင်တွင် ပိုမိုလုံခြုံမှုရရှိစေကြောင်း KNDF တပ်ရင်းအမှတ်(၅) ထံမှ သိရသည်။
“မဝတ်ထားတော့ ရှေ့တန်းစစ်မျက်နှာပြင်ရောက်ရင် သူ့လူကိုယ့်လူမသဲကွဲတာရှိတယ်။ တကယ်ဖြစ်သွားတာ ပေါ့၊ ကိုယ့်လူအချင်းချင်းပဲ halfform ပဲရှိလို့ အဝေးကနေ မှားပစ်ကြတာရှိတယ်” ဟု အထက်ပါ ရဲဘော်က ဆို သည်။
လက်ရှိ အကူအညီတောင်းခံနေမှုအရ ပိတ်လိပ် တစ်လိပ်စာအတွက်ပင်မရရှိသေးသလို စက်ရံထုတ်များမှာယူမည်ဆိုပါက လမ်းကြောင်းအရ အချိန်ကြန့်ကြာမှုနှင့် ဈေးနှုန်းကြီးမြင့်မှုများရှိနေခြင်းကြောင့် တတ်နိုင်သ၍ ချိတ်ဆက်ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။