မကွေးတိုင်း၊ ပခုက္ကူမြို့မှ ကမ္မ ဘက်သို့ ထွက်လာသော စစ်ကား ၄ စီးကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးပြီး အများအပြား ဒဏ် ရာ ရရှိခဲ့ကြောင်း သိရသည်။
မတ်လ၂၁ရက်၊ညနေ ၄နာရီခွဲခန့်တွင်ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းကာ မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း မြိုင်ပကဖ က သတင်းထုတ်ပြန်သည်။
“ ပခုက္ကူကနေ ကမ္မကို အလာ လမ်းပိုင်းမှာ မိုင်းဆွဲ ခဲ့တာပါ။ မိုင်းဆွဲ နိုင်ခဲ့တာ ၂ နေရာပေါ့။ တစ်နေရာမှာ မိုင်း ၁၀ လုံးစီနဲ့ မိုင်း အလုံး ၂၀ ပေါ့” ဟု မြိုင် ပကဖ ၊ သတင်းနှင့် ပြန်ကြားရေး တာ၀န်ခံ ရဲဘော် သုတ က ပြောသည်။
မိုင်းဆွဲ ခံရသော ယာဉ်တန်းမှာ ယခု အခါ ကမ္မ မြို့အတွင်းသို့ ၀င်ရောက်သွားပြီး ဖြစ်ကြောင်း သိရသည်။
“ မိုင်းဆွဲ ရာမှာ ကားလည်း ထိပါတယ်။ ဒါပေမဲ့ သူတို့ ဆွဲ သွားကြတယ်။ အခု တော့ အဲ ယာဉ်တန်းက ကမ္မ က အရင် အင်အားနဲ့ ပြန်ပေါင်းသွားပါပြီ” ဟု ၎င်း က ဆက်လက်ပြောသည်။
ယင်းယာဉ်တန်း တွင် စစ်သား ၁၀၀ ခန့် ပါရှိပြီး ယခင် အင်အားများနှင့်ပေါင်းကာ ကမ္မ မြို့ အနီး တစ်ဝိုက်၌ စစ် အင်အား ၃၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေကြောင်း သိရသည်။
“ အခု ကမ္မကနေ မြောက် ကို မြိုင် ဘက်က တွင်းမ ပျူစောထီး ရွာကို ခွဲ ပြီး စစ်ကြောင်း ထိုးနေတာ ရှိတယ်။ အဲမှာလည်း အင်အား ၁၀၀ ကျော် ရှိတယ် ။ နောက်ပြီး ကမ္မရဲ့ အနောက်ဘက်ကို ပတ် မွှေနေတာ ရှိတယ် ။ဘယ်ကို ဆက်သွားမလဲတော့ မသိရသေးဘူး” ဟု ကမ္မ ဒေသ ခံကာကွယ်ရေး ရဲဘော် တစ်ဦးက ပြောသည်။
ယနေ့(မတ်၂၂ရက်) နံနက်ပိုင်း၌ တွင်းမပျူစောထီးရွာမှ သာစည်ရွာသို့ စစ်ကြောင်းထိုး လာသော စစ်တပ်သည် သာစည် ကျေးရွာအနီး၌ မိုင်းဆွဲခံရပြီးနောက် တွင်းမ ပျူရွာ ထဲသို့ ပြန် ၀င် သွားကြောင်း သိရသည်။
မိုင်းဆွဲတိုက်ခိုက်မှုကို မြိုင်ပကဖ၊Black cobra force၊Pku Thurain နှင့် ကမ္မ တပ်ပေါင်းစု တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။