ရန်ကုန် အဝေးပြေးကားဂိတ်များတွင် ခရီးသွားရန်အတွက် ကားလက်မှတ်များဝယ်ရာတွင် မှတ်ပုံတင်အပြင် ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာပါမှသာ ရောင်းချပေးနေကြောင်း ခရီးသွားအချို့ထံမှ သိရသည်။
အလည်အပတ်နှင့် အလုပ်ကိစ္စအတွက် ခရီးသွားမည်ဆိုပါက အထက်ပါထောက်ခံစာများပါမှသာ ကားလက်မှတ်ရောင်းချပေးမည်ဖြစ်ကြောင်း အောင်မင်္ဂလာအဝေးပြေးဝင်းရှိ ကားဂိတ်အချို့ကပြောကြောင်း မန္တလေးသို့သွားမည့် အသက် ၃၂ နှစ်အရွယ် ခရီးသည်တစ်ဦးက MPA ကိုပြောသည်။
“ခါတိုင်းသွားနေကျ မှတ်ပုံတင်မူရင်းပါရင်ကိုရတာလေ။ အခုသွားဝယ်တာ နေရပ်ပြန်မှာလား၊ အလည်အပတ်လား၊ အလုပ်နဲ့လားမေးတာ။ ပြီးလည်းပြီးရော အဲ့ဒီထောက်ခံစာတွေတောင်းလို့ တစ်ခေါက်ပြန်လုပ်လိုက်ရတယ်”ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်းရှိ အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းအချို့ရှိ ကားလက်မှတ်အရောင်းဌာနများသို့ ဆက်သွယ်မေးမြန်းရာ လမ်းခရီးတွင် စစ်ဆေးမေးမြန်းမှုများရှိနေခြင်းကြောင့် ယခုကဲ့သို့ တောင်းခံရခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
“နေရပ်ပြန်တယ်ဆိုရင်တော့ မှတ်ပုံတင်မူရင်းနဲ့ပဲ ရပါတယ်ခင်ဗျ” ဟု မန္တလာမင်းယာဉ်လိုင်း လက်မှတ်အရောင်းငှာန၏ ဝန်ထမ်းတစ်ဦးကပြောသည်။
ထို့ပြင် JJ (ဂျေဂျေ)ခရီးသည်တင်ယာဉ်လိုင်းသို့ ဆက်သွယ်မေးမြန်းကြည့်ရာတွင်လည်း ” လမ်းမှာစစ်လို့ ကိုယ်ဖြေရှင်းနိုင်ရင် ထောက်ခံစာမယူခဲ့လဲ ရပါတယ်ရှင့်။ လိုအပ်တာကိုပြောပြပေးတာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ရန်ကုန်မှ မန္တလေး – မိတ္ထီလာမြို့များသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းတစ်ခုက ၎င်းတို့ယာဉ်လိုင်းအနေဖြင့် နေပြည်တော်ခရီးစဉ်တစ်ခုအတွက်သာ ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာများတောင်းခံကြောင်း ဆက်လက်ပြောသည်။
အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများအနေဖြင့် မှတ်ပုံတင်အပြင် ရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာများတောင်းခံနေသော်လည်း ယခုကဲ့သို့ထောက်ခံစာပါရှိမှသာ လက်မှတ်များရောင်းချပေးရမည်ဆိုသည် ညွှန်ကြားချက်မျိုး ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ဆိုသည်။
မြန်မာနိုင်ငံအတွင်း စစ်မှုထမ်းရန် အကျုံးဝင်သူများကို စာရင်းကောက်ခံသည့်အချိန်မှစ၍ ပြည်တွင်း၊ ပြည်ပသို့ ခရီးသွားလာမှုများ မြင့်တက်လာကြောင်း ခရီးသွားအေဂျင်စီအချို့ထံက သိရသည်။