မကွေးတိုင်း၊ မြိုင်မြို့နယ် တောင်ပိုင်းနှင့် ကမ္မမြို့ အနီးဝန်းကျင်သို့ စစ်ကြောင်း ထိုးနေသောကြောင့် ဒေသခံ ၃၀၀၀ ခန့် အရေးပေါ် တိမ်းရှောင်နေရကြောင်း သိရသည်။
မြိုင် မြို့နယ် တောင်ပိုင်း၊ တွင်းမ ပျူစောထီး ရွာသို့ ရောက်ရှိနေသော အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းသည် ယနေ့( မတ် ၂၂ ရက်) နံနက်ပိုင်း ၌ သာစည် ရွာဘက်သို့ ဦးတည်၍ စစ်ကြောင်း ၂ကြောင်းခွဲ ထိုးလာခြင်း ဖြစ်ကြောင်း ဒေသခံ စစ်ရှောင်အချို့ထံက သိရသည်။
ထို့ကြောင့် သာစည်၊နှမ်းဆီကန် နှင့် တွင်းမ ပျူစောထီး ကျေးရွာမှ ယခင်ကတည်းက စစ်ရှောင်ခဲ့ ကြသော ပြည်သူ များမှာ နီးစပ်ရာ တောတိုက်များ အတွင်းသို့ ထပ်မံထွက်ပြေး တိမ်းရှောင်နေရ ကြောင်း သိရသည်။
“ အရင်စစ်ကြောင်းတွေတုန်းက ဒီဘက် တောတိုက်တွေထိ မရောက်ဘူး။အ ခုက စစ်ကြောင်း ၂ ကြောင်း ခွဲ ပြီး သာစည် ရွာကို အရှေ့က ၁ကြောင်း၊ အနောက်က ၁ ကြောင်း ဆိုတော့ အကုန် ရှောင်ကြရတယ်” ဟု စစ်ရှောင် ပြည်သူ တစ်ဦးက ပြောသည်။
ထို့အပြင် တွင်းမ ပျူစောထီး ရွာနှင့် ပခုက္ကူမြို့နယ်၊ကမ္မ မြို့ ကြား၌ လည်း ကမ္မ မြို့မှ ထွက်လာသည့် စစ်ကြောင်း ရှိနေသောကြောင့် ကမ္မမြို့အနီးရှိ အင်းဘတ်ရွာနှင့် မကျီးတန်း ကျေးရွာ တို့မှ ပြည်သူများမှာလည်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
“ ကမ္မ အနီးအနား၊ ပေါက်-ပခုက္ကူ လမ်းပေါ် မှာ လည်း အင်အား ၃၀၀ နီးပါးလောက် ရှိတယ်။ အဲ စစ်ကြောင်းမှာ ရိက္ခာလည်း ပါတယ် ။အ ခု ကမ္မ အနောက် နား တစ်ဝိုက်မှာ ပတ်မွှေနေတော့ အဲနားက ရွာတွေလည်း ရှောင်နေကြရတယ်” ဟု မြိုင် ပကဖ တပ်ရင်း- ၁၊ တပ်ခွဲ- ၂ (ဂဠုန်ပြောက်ကျား တပ်ဖွဲ့) တာ၀န်ခံ ရဲဘော် အကိုလေးက ပြောသည်။
ကမ္မ မြို့၏ အနောက်ဘက် မှ ဂျိုးပျံရွာ၊ ရန်ကင်းရွာ နှင့် ပုဂံမျှော် ရွာ တို့မှ ပြည်သူ များလည်း ထွက်ပြေး တိမ်းရှောင်နေရခြင်း ဖြစ်သည်။
စစ်ကောင်စီ စစ်ကြောင်းသည် မြိုင်နယ်ေတာင်ပိုင်းနှင့် ကမ္မမြို့ အနီး ၌ အင်အား ၄၀၀ ကျော်ဖြင့် နေရာအနှံ့စစ်ကြောင်း ထိုးလျက် ရှိ ရာ လက်ရှိ အချိန်ထိ ကျေးရွာ ၇ ရွာ ကျော်မှ ပြည်သူ များထွက်ပြေး တိမ်းရှောင် နေရသည်။
” ရိက္ခာ ယာဉ်တန်းတွေလည်း တော်တော်ပါတယ်။ အခု တွင်းမ ပျူရွာကို ရောက်နေတဲ့ စစ်ကြောင်းမှာလည်း ရိက္ခာ ယာဉ် ၄ စီးပါတယ်။ ကမ္မကနေ ထပ် တက်လာနိုင်တယ် ။ နောက်ပြီး ကမ္မ အနောက်ကို မွှေနေတဲ့ စစ်ကြောင်းကလည်း ပေါက်ကို ရိက္ခာ ဖြည့် ဖို့လို့ သိရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
တွင်းမ ပျူစောထီး ကျေးရွာမှ ထွက်လာသော စစ်ကောင်စီ စစ်ကြောင်းမှာ ယနေ့ မွန်းလွဲ ၁ နာရီ ၀န်းကျင်၌ သာစည်ကျေးရွာသို့ ၀င်ရောက် တပ်စွဲ ထားကြောင်း သိရသည်။