ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ နွမ့်လန်ကျေးရွာအနီး၊ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းရှိ စစ်ကောင်စီ၏ ခမရ ၄၃၈ တပ်ရင်းနှင့် ခမရ ၆၁၆ ဒုံးတပ်ရင်းတို့ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် KPDF ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ယနေ့ (မတ် ၂၁ ရက်)၊ မနက် ၇ နာရီမှစ၍ စစ်ကောင်စီတပ်၏ နွမ့်လန်အခြေစိုက် ခမရ ၄၃၈ တပ်ရင်း၊ ခမရ ၆၁၆ ဒုံးတပ်ရင်းနှင့် နောင်ကွန်အမြှောက်တပ်စခန်းတို့ကို KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့များက တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ရာ၊ ညနေ ၅ နာရီခွဲတွင် ခမရ ၄၃၈ တပ်ရင်းနှင့် ည ၇ နာရီတွင် ခမရ ၆၁၆ ဒုံးတပ်ရင်းတို့ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
“ စခန်းနှစ်ခု သိမ်းနိုင်ပြီ၊ တိုက်ပွဲအတွင်း စစ်တပ်က Y – 12 နဲ့ ဗုံးကြဲတယ်။ ကင်းထောက်တွေနဲ့ လာပစ်တယ်။ စခန်းတွေက လမ်းမပေါ်မှာ တဆက်တည်းရှိနေတာ” ဟု စစ်ရေးသတင်းရင်းမြစ်က MPA သို့ ပြောသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ကုန်းလောကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ဗန်းမော်နှင့် မိုးမောက်မြို့ကြားရှိ လေးမိုင်စစ်ကောင်စီတပ်စခန်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း ဗန်းမော်ဒေသခံတစ်ဦးက ဆိုသည်။
“ နွမ့်လန်၊ ကုန်းလော၊ မြို့သစ်၊ စီဟတ်၊ ဂျေခပ်နဲ့ တာလီရွာတွေကတော့ တချို့ပြည်သူတွေက စစ်ရှောင်နေကြတာ မတ်လဆန်းကတည်းကပါ၊ နောင်ကွန်အမြှောက်တပ်က ဘေးပတ်ပတ်လည်က ရွာတွေကို လျှောက်ပစ်လို့ သေကြတဲ့သူတွေလည်းရှိတယ်” ဟု ၎င်းက ဆိုသည်။
“ ဗန်းမော်မြို့ထဲက ပစ်တဲ့ လက်နက်ကြီးတွေက မြို့နဲ့အလှမ်းဝေးတဲ့ ရွာတွေဘက်ကို ကျတယ်။ မတ် ၁၂ ရက်နေ့ကလည်း လက်နက်ကြီးကြောင့် ဗန်းမော်မြို့နားက ပြည်သူ ၁၀ ဦးကျော် သေဆုံးတယ်။ ဗန်းမော်မှာလည်း စစ်ကောင်စီတပ်က အရမ်းလန့်ပြီး လုံခြုံရေးယူနေတယ်။ စစ်မှုထမ်းကိစ္စအတွက်လည်း အရမ်းလုံးပမ်းနေကြတာ” ဟု အမည်မဖော်လိုသည့် ဗန်းမော်မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့ပြင် ယခုရက်ပိုင်းအတွင်း ဆင်ဘိုမြို့အနီးရှိ ခလရ ၁၄၁ တပ်စခန်း နှင့် ဆွမ်ပရာဘွမ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
ပြီးခဲ့သည့် မတ် ၇ ရက်မှစ၍ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း၊ ဝိုင်းမော် – လိုင်ဇာလမ်းပိုင်း၊ ဝိုင်းမော်၊ မိုးမောက်နှင့် ဆွမ်ပရာဘွမ်မြို့နယ်များရှိ စစ်ကောင်စီတပ်စခန်း ၄၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။