ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့၊ ဂွအိုင်ကျေးရွာအတွင်းသို့ မတ်လ ၁၈ ရက်က စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အသက် ၇၀ ကျော် အဖိုးအိုတစ်ဦးအားဖမ်းဆီးကြိုးတုပ်ကာ ဓာတ်ဆီလောင်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ကေအဲန်ယူ – ဗဟိုက ယနေ့သတင်းထုတ်ပြန်သည်။
“ရွာထဲလက်နက်ကြီးကျလို့ အစ်မတို့ ထွက်ပြေးလာတာက ၁၁ ရက်နေ့က၊ မပြေးနိုင်တဲ့အဖိုး၊ အဖွားတွေနဲ့ မသန်စွမ်းတွေပဲ ကျန်ခဲ့တာ၊ အခုမီးရှို့အသတ်ခံရတဲ့ ဦးတင်ဆောင်ကအဖိုးကြီးပဲ၊ သူမှာတော့သားတွေရှိတယ်၊ ဘာကြောင့် အခုလိုကြိုးတုပ်ပြီး မီးရှို့သွားလည်းဆိုတာတော့ အစ်မတို့သေချာမသိရဘူး”ဟု ဂွအိုင်ကျေးရွာတွင်နေထိုင်သည့် စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောသည်။
ဇရပ်ကြီးအရှေ့ဘက်ရှိ ဂွအိုင်၊ တစ်လိုင်းအိုင်၊ သရက်တန်းစသည့်ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက် လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးရဲဘော်များ မတ်လ ၁၁ ရက်မှစတင်၍ တိုက်ပွဲဖြစ်ပွားနေကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ ထိတွေ့တိုက်ပွဲဖြစ်တယ်၊ ၃ ရက်လောက်ဆက်ဖြစ်တာ၊ စစ်တပ်ဘက်ကတော့အကျဆုံးရှိတယ်။ တလိုင်းအိုင်ရော၊ ဂွအိုင်ရော အဖမ်းခံရတဲ့ ပြည်သူတွေရှိတယ်၊ အနည်ဆုံး အယောက် ၂၀ ပဲ၊ ထွက်ပြေးလာတဲ့သူတွေလည်း ကျွန်တော်တို့ ခေါ်ထားတဲ့သူတွေရှိတယ်၊ ဒဏ်ရာရတဲ့သူတွေလည်းပါတယ်”ဟု ၎င်းကရှင်းပြသည်။
စစ်ကောင်စီက စစ်ကြောင်းထိုးမှုများကြောင့် ဂွအိုင်ကျေးရွာမှ တောင်ငူစစ်ရှောင်စခန်းများသို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် စားနပ်ရိက္ခာအခက်အခဲများရှိနေကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။
“တောင်ငူမှာက ဇရပ်ကြီး၊ မုန်း၊ ဂွအိုင်၊ ကင်းပွန်းခြုံ၊ လိပ်သိုလ်၊ ထန်းတစ်ပင်က စစ်ရှောင်တွေတစ်သောင်းခွဲလောက်ရှိတယ်၊ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေမှာထားတယ်၊ လောလောဆယ် စစ်ရှောင်စခန်း ၃၀ နီးပါရှိတယ်၊ စစ်ရှောင်အများစုက တစ်လကျော်လောက်ရှိပြီ၊ ကြာလာတော့ လှူဒါန်းမယ့်သူနည်းလာတယ်၊ ထမင်းနပ်မှန်အောင်မစားရတဲ့ အခြေနေတွေရှိလာတယ်”ဟု ၎င်းက ဆိုသည်။
ယခုမတ်လအတွင်း ပဲခူးတိုင်းအတွင်းရှိ KNU ထိန်းချုပ်ရာ နယ်မြေများတွင် စစ်တပ်ကဖမ်းဆီးသတ်ဖြတ်မှုနှင့် စစ်တပ်ကပစ်ခတ်သည့် လက်က်နက်ကြီးများထိမှန်မှုကြောင့် သေဆုံးသွားသည့် ဒေသခံပြည်သူ ၁၅ ဦး ထက်မနည်းရှိသည်။