မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး မောင်ပုသည် စစ်ကောင်စီအတွက် စစ်သားသစ်စုဆောင်းနေခြင်းကြောင့် Wundwin Township Revolution Force က မတ် ၁၉ရက်တွင် သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီးနောက်၊ စစ်ကောင်စီက ပြည်သူ ၈ဦးကိုဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ မနေ့က ညနေပိုင်းမှာ အုပ်ကြီးသေတော့ အလောင်းကို အိမ်စီးကားနဲ့ ချက်ချင်း သယ်သွားတယ်။ ပြီးတော့ အနီးအနားက ပြည်သူ ၈ဦးကိုလည်းဖမ်းသွားတယ်။ ဒီနေ့(မတ် ၂၀ရက်)လည်း သီးကုန်းရွာနားမှာရှိတဲ့ ပြည့်၀ဘုရားမှာ ကားနှစ်စီးနဲ့ စောင့်ဖမ်းတာ၊ သုံးဒေါင့်အိုင်ရွာက ပြည်သူ ၅ယောက်ပါသွားတယ်” ဟု သီးကုန်းကျေးရွာ ဒေသခံတစ်ဦးကပြောသည်။
ယမန်နေ့( မတ် ၁၉ရက်)၊ ညနေ ၅နာရီ ၅၀ မိစန်တွင် အုပ်ချုပ်ရေးမှူး မောင်ပုသည် ဝမ်းတွင်းမြို့နယ်၊ ထွေအုပ်ရုံးသို့ စစ်မှုထမ်းရင် လူငယ်သုံးဦးအား စာရင်းပေးပြီးအပြန်လမ်း၌ သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း Wundwin Township Revolution Forceမှ သတင်းနှင့်ပြန်ကြားရေးတာ၀န်ခံ ကိုဗျတ္တက ပြောသည်။
“ သူ့သားမက်က သဲဖြူကုန်းစစ်တပ်က ဗိုလ်ဆိုတော့ သီးကုန်းကျေးရွာနဲ့ အနီးတဝိုက်မှာ လက်လုပ်သေနတ်နဲ့ ထင်တိုင်းကြဲနေတာ၊ စစ်တပ်အတွက်လည်း လူစုပေးနေတာ၊ အဲ့ဒါကြောင့်မလို့ ထွေအုပ်ရုံးကအပြန် သေနတ်နဲ့ငါးချက်ပစ်ခဲ့တာပါ၊ မနေ့က အဖမ်းခံရတဲ့သူအချို့လည်း ပြန်လွတ်လာပြီလို့တော့ကြားတယ်။ သေချာတော့မသိရသေးဘူး” ဟု ကိုဗျတ္တကပြောသည်။
ပြီးခဲ့သည့် မတ် ၁၀ရက်တွင်လည်း ဝမ်းတွင်းမြို့နယ်၊ မိတ္ထီလာ တပ်မ ၉၉မှ တပ်သား သန့်ဇင်ထွေးသည် ကျင်းရွာမှ ပြန်လည်စဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသေးသည်။
လက်ရှိ ဝမ်းတွင်းမြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအတိုင်း လိုက်လံကူညီပေးနေသည့် အုပ်ချုပ်ရေးမှူးများအနေဖြင့် ရပ်တန်းမှ ရပ်တန့်ရန် Wundwin Township Revolution Forceက သတိပေးထားသည်။