မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရွေးရွာရှိ မြင့်မြတ်သောနှလုံးသားပရဟိတအသင်း အဆောက်အအုံနှင့် ကားကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယနေ့(မတ်လ ၁၈ရက်)နံနက် ၈နာရီခွဲခန့်တွင် အဆိုပါ ပရဟိတအသင်းအဆောက်အအုံနှင့် အသင်းပိုင် ကားကို မီးရှို့ခဲ့ပြီး နောက်ထပ်ကားတစ်စီးကိုလည်း လုယက်သွားကြောင်းမတ္တရာမြို့နယ် ပကဖ ထံက သိရသည်။
“ ရွေးရွာရဲ့အနောက်ဘက်ကနေ စစ်သားအင်အား ၁၀၀ ဝန်းကျင်နဲ့ ခြေလျင်စစ်ကြောင်းထိုးလာပြီး ရွာထဲကိုစစ်သားတွေစီးနင်းဝင်ခဲ့တာပါ။သေနတ်တွေရမ်းပစ်ခတ်လို့ အသက် ၁၃နှစ် အရွယ်မိန်းကလေးနဲ့ အခြားအမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်” ဟု မတ္တရာမြို့နယ်ပကဖသတင်းပြန်ကြားရေးတာဝန်ခံကပြောသည်။
စစ်ကောင်စီတပ် ရွာထဲဝင်လာချိန်တွင် ရွာသားများ ထွက်ပြေးကြပြီး အမျိုးသမီး ၂ဦးမှာ ထွက်ပြေးနေစဉ် ကျည်ထိမှန်ခြင်းဖြစ်သည်။
ယင်းစစ်တပ်သည် ရွာအနောက်ဘက်ရှိ ပြည်သူ့နေအိမ်တစ်လုံးကို ထပ်မံမီးရှို့ခဲ့သည့်အပြင် ဒဏ်ရာရ အမျိုးသမီး နှစ်ဦးကိုလည်းဖမ်းဆီးသွားကြောင်း ဒေသခံအချို့ထံက သိရသည်။
“ ဒေသခံတော်တော်များများတော့ရွာထဲ ပြန်ရောက်လာကြပြီ။အဖမ်းခံထားရတဲ့ ၂ ယောက်ကတော့ခုထိသတင်းမကြားသေးပါဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်တပ်က ဖမ်းသွားသည့် ဒဏ်ရာရအမျိုးသမီး ၂ ဦးကို မတ္တရာမြို့ပေါ်ရှိ ဘုရင့်နောင်ခန်းမနှင့် ကြံ့ခိုင်ရေးရုံးတွင်ထားထားကြောင်း မတ္တရာပကဖ ထံက သိရသည်။
ယင်းစစ်ကြောင်းသည် ယနေ့ညနေပိုင်းတွင် ရွာထဲမှ ပြန်ထွက်သွားကြောင်းသိရသည်။