မကွေးတိုင်း၊ ဆောမြို့နယ်အခြေစိုက်၊ ဂန့်ဂေါခရိုင်တပ်ရင်း(၃)ထံသို့ စစ်ကောင်စီတပ်သား ၂ ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်လာကြောင်း ယနေ့သတင်းထုတ်ပြန်သည်။
ဆောမြို့နယ်၊ မြို့မရဲစခန်းမှ စစ်ကောင်စီတပ်သားတစ်ဦးသည် မတ်လ ၁၁ ရက်တွင်လည်းကောင်း၊ လောင်းရှည်မြို့အနီးရှိ ကပစ(၂၅)မှ တပ်ကြပ်အဆင့်ရှိ စစ်ကောင်စီတပ်သားတစ်ဦးသည် မတ်လ ၁၅ ရက်တွင်လည်းကောင်း အသီးသီးအလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့ကို ဖုန်းနဲ့ဆက်သွယ်ပြီးတော့ပဲ အလင်းဝင်လာချင်တဲ့အကြောင်း ပြောတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ကသွားရောက်ကြိုဆိုခဲ့တယ်ပေါ့နော်။ ဆောမှာက သူတို့(စကစ)ရဲ့ ခြေမှုန်းရေးတပ်ဆိုပြီး သပ်သပ်မရှိဘူး။ ဒီလိုပဲ ဟိုတပ်ရင်းကနည်းနည်း၊ ဒီတပ်ရင်းကနည်းနည်းစုပေါင်းပြီး နေထိုင်ကြတာမျိုးပါ” ဟု ဂန့်ဂေါခရိုင်တပ်ရင်း (၃)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက MPA ကိုပြောသည်။
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများနှင့်အတူ စက်ကလေးခေါ် MA-2 တစ်လက်၊ MA-3 တစ်လက်နှင့် ကျည်ဘောက်၊ ခဲယမ်းအပြည့်အစုံပါလာသဖြင့် ထိုက်သင့်သည့်ဆုငွေများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် အလင်းဝင်လာသူများကို ဘေးကင်းလုံခြုံသည့်နေရာတွင်ထားရှိပြီး ၎င်းတို့သွားရောက်လိုသည့် ဒေသများနှင့် အကယ်၍လွတ်မြောက်နယ်မြေသို့သွားရောက်လိုပါကလည်း တာဝန်ယူပို့ဆောင်ပေးသွားမည်ဟု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ ဆောမြို့နယ်ရွာပိုင်းတွေကတော့ အကုန်လုံး PDF တွေနယ်မြေစိုးမိုးထားနိုင်ပြီ။ မြို့ပေါ်လည်း စစ်တပ်ကသူတို့ တပ်စွဲထားတဲ့ မြို့လည်နေရာလောက်ပဲရှိတော့တာ။ တခြားနေရာတွေကို သူတို့မစိုးမိုးနိုင်ဘူး။ မသွားရဲပါဘူး” ဟု ဆောမြို့ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
ဂန့်ဂေါခရိုင်တပ်ရင်း(၃)ထံသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် အလင်းဝင်ရောက်ခဲ့ပြီးဖြစ်ကာ နောက်ထပ်အလင်းဝင်ရောက်လာမည့် စစ်ကောင်စီလက်အောက်ခံတပ်သားများကို လက်ခံကြိုဆိုလျက်ရှိကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောကြားထားသည်။