ပဲခူးတိုင်း၊ မင်းလှမြို့နယ် ၊ ဟိုင်းယုကျေးရွာအနီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ ခိုအောင်းခြင်းမပြုနိုင်ရန် စစ်တပ်က ဟိုင်းယုကျေးရွာအား မီးရှို့ဖျက်ဆီးသဖြင့် နေအိမ် အလုံး ၁၁၀ ကျော် မီးလောင်ပျက်ဆီးခဲ့ကြောင်း တော်လှန်ရေးရဲဘော်များထံက စုံစမ်းသိရှိရသည်။
ဟိုင်းယုကျေးရွာအနီး တိုက်ပွဲများတွင် အထိနာနေသည့် စစ်တပ်ကအင်အားအများပြားဖြင့် ပြီးခဲ့သည့်မတ်လ ၁၂ ရက်မှစ၍ ၁၇ ရက်အထိ ဝေဟင်ရော မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်လာပြီး ဟိုင်းယုကျေးရွာအား ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း – ၃၈၀၂ တပ်ခွဲ ၅မှ တပ်ခွဲမှူး ဘက ကပြောသည်။
“ဒရုန်း ၄ စီးနဲ့ နေ့တိုင်းဗုံးကြဲတာ၊ တစ်နေ့အခေါက် ၃၀ ထက်မနည်းပဲ၊ မြေပြင်ကလည်း အင်းအားများတယ် ထိုးစစ်ဆင်လာတာ၊ အစ်ကိုတို့လည်း ဆုတ်ပေးလိုက်ရတယ်၊ လက်နက်အင်အားက မမျှဘူးလေ။ဘုန်းကြီးကျောင်းတွေရော၊ ဘုရားကျောင်းတွေ၊ ဆေးခန်း၊ စာသင်ကျောင်း အကုန်မီးထဲပါသွားတာ၊ အဲဒီ ရွာမှာက အိမ်ခြေ ၁၃၀ လောက်ပဲရှိတာ ၁၁၀ လောက်က မီးလောင်သွားတယ်” ဟု ၎င်းက ရှင်းပြသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတ်လ ၁၇ ရက်၊ ညနေအထိ ဟိုင်းယုကျေးရွာအနီး တောအုပ်အတွင်းကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် မြေပြင်တပ်ဖွဲ့များကကျေးရွာအတွင်းမှ ပြန်လည်ဆုတ်ခွာသွားကြောင်း တပ်ခွဲမှူးဘက က ဆက်လက်ပြောသည်။
“အစ်ကိုတို့အခုမနက်သွားကြည့်တော့ အစ်ကိုတို့စခန်းလည်း မီးရှို့သွားတယ်၊ လက်လုပ်သေနတ် ၂၃ လက်၊ လက်နက်ကြီး ၄ လက်၊ စကားပြောစက် ၁ လုံး၊ ကျည် ၁၈ တောင့်၊ ဆိုင်ကယ် ၂ စီးယူသွားတယ်။ တိုက်ပွဲမှာတော့ အစ်ကိုတို့ရဲဘော်တစ်ယောက် ဒရုန်းဗုံးစမှန်တယ်၊ နှစ်ယောက်ကတော့ ကျည်မှန်ထားတယ်၊ စိုးရိမ်စရာတော့မရှိပါဘူး။ ရွာနားလည်းပြန်ပြီးတပ်စွဲဖို့ မလွယ်တော့ဘူး” ဟု ထို တပ်ခွဲမှူးဘက က ဆိုသည်။
ဟိုင်းရူးကျေးရွာတွင်နေထိုင်သည့် ဒေသခံပြည်သူများက တော်လှန်ရေးရဲဘော်များအား ထောက်ပံ့ကူညီနေသည်ဟုဆိုကာ စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း ကျေးရွာမှနှင်ထုတ်ခဲ့သဖြင့် ထွက်ပြေး တိမ်းရှောင်နေရကြောင်း အသက် ၄၀ အရွယ် ဒေသခံအမျိုးသမီးတစ်ဦး ကပြောသည်။
“တိုက်ပွဲအေးနေလို့ ရွာပြန်သွားတဲ့သူတွေ ရှိတယ်၊ အစ်မတို့လည်းပါတယ်၊ ပြီးခဲ့တဲ့လ (ဖေဖေါ်ဝါရီ)ကပြန်တာ၊ အခု ဒရုန်းတွေနဲ့ဗုံးကြဲတော့ အစ်မတို့ ဘယ်ပြေးရမှန်းမသိဘူး။ တော်သေးတယ် အချိန်မီ တော်လှန်ရေး ရဲဘော်တွေလာကယ်လို့ လွတ်သွားတာ ၊ ဒဏ်ရာရတဲ့သူတော့မရှိပါဘူး” ဟု ၎င်းကဆိုသည်။
၂၀၂၄ ခုနှစ်အတွင်း ဟိုင်းယုကျေးရွာ အနီးရှိ ရိုးမထဲတွင် စစ်တပ်နှင့်တော်လှန်ရေးရဲဘော်များ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်းတော်လှန်ရေးအဖွဲ့စည်းများသက သတင်းထုတ်ပြန်ထားသည်။