ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ အိုရီယမ်တယ်တိုးဂိတ်အထွက်၌ လမ်းလုပ်သား ၅ဦးသည် လမ်းခင်းလုပ်ငန်းများဆောင်ရွက်နေစဉ် မြေမြုပ်မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယနေ့(မတ် ၁၇ရက်)၊ မနက် ၁၁နာရီခွဲခန့်တွင် ကွတ်ခိုင်မြို့နယ်၊ နမ့်ပါချီကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး၏ ဘေးတွင်လမ်းချဲ့ထွင်ရန် လမ်းခင်းရာမှ လမ်းလုပ်သား ၅ဦးမြေမြုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။
“ အဲ့ဒီနေရာက တိုက်ပွဲဖြစ်ပွားခဲ့နေရာလည်းဟုတ်တယ်။ အရင်က စစ်တပ်ရဲ့ ဂိတ်တစ်ခုလည်းရှိခဲ့တယ်။ အခုလောလောဆယ် လူနာတွေအတွက် အရေပေါ် Aသွေးလိုအပ်နေတယ်” ဟု ကွတ်ခိုင်မြို့ခံ အမျိုးသားတစ်ဦးကပြောသည်။
မိုင်းနင်းမိသူ လမ်းလုပ်သား ၅ဦးသည် အသက် (၄၈) နှစ်အရွယ် ဦးစိုး၀င်း၊ အသက်(၂၅)နှစ်အရွယ် နန်းစန္ဒီလင်း၊ အသက် (၁၃)နှစ်အရွယ် မခိုင်သဇင်အေး၊ အသက်(၂၃)နှစ်အရွဝ် မဇာခြည်ထွေး နှင့် အသက်(၁၈)နှစ်အရွဝ် မသင်းသင်းခိုင်တို့ဖြစ်ပြီး ကွတ်ခိုင်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသနေကြောင်း သိရသည်။
“၁၂ ရက်နေ့တုန်းကလည်း တစ်ခါဖြစ်သွားတယ်။ အခုလည်း နောက်ထက် ၅ ယောက်ထိပြန်တယ်။ ဒါက လူထုကြုံတွေ့နေရတဲ့ တိုက်ပွဲရဲ့နောက်ဆက်တွဲပေါ့နော်၊ အခုလိုတွေထက်မဖြစ်အောင် ပြည်သူတွေအနေနဲ့တော့ သတိထားဖို့လိုတယ် ” ဟု ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။
ပြီးခဲ့သည့် မတ် ၁၂ရက်တွင် ထင်းခွေသွားသည့် ကွတ်ခိုင်မြို့နယ်၊ ဟိုကျန့်ကျေးရွာမှ အသက် ၄၂နှစ်အရွယ် ဦးအိုက်ညိုသည် မိုင်းနင်းမိပြီး ညာခြေထောက်ဖြတ်ခဲ့ရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးပြီးသွားပြီးနောက် မြေမြုပ်မိုင်းနှင့် လက်နက်ကြီးအကြွင်းအကျန်များကြောင့် သေဆုံးခဲ့သည့်ပြည်သူ ၂၀ဦးအထိရှိပြီး ဒဏ်ရာရရှိသူ ၄၈ဦးအထိရှိကြောင်းသိရသည်။