ယခုနှစ်ဆန်းပိုင်းအတွင်း အိန္ဒိယနိုင်ငံသို့ မြန်မာစစ်ဘေးရှောင်များပိုမိုဝင်ရောက်လာသည်နှင့်အမျှ ယက္ကန်းလုပ်ငန်းများအတွင်း မြန်မာယက္ကန်းခတ်သမားများအပေါ် အလုပ်ရှင်က လုပ်ခခေါင်းပုံဖြတ်မှုများရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုနှင့် စစ်ပွဲများကြောင့် အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံသည့် မြန်မာအများအပြားသည် စားဝတ်နေရေးအတွက် အမျိုးသမီးရော၊ အမျိုးသားများပါ ယက္ကန်းလုပ်ငန်းများအတွင်း ဝင်ရောက်လုပ်ကိုင်ကြကြောင်း စစ်ဘေးရှောင်ပြည်သူများက ဆိုသည်။
ထိုသို့လုပ်ကိုင်ကြရာ၌ ယခင်ကရရှိသည့် လုပ်ခနှုန်းထားများအတိုင်း မရရှိတော့ဘဲ စျေးနှုန်းလျှော့၍ ပေးသည့်အပြင် အလုပ်ရှင်ကျခံရမည့် အပိုင်းများကို အလုပ်သမားများအားပေးဆောင်ခိုင်းမှုများရှိလာကြောင်း မီဇိုရမ်ပြည်နယ်ရောက်၊ စစ်ရှောင်မြန်မာယက္ကန်းခတ်အလုပ်သမားတစ်ဦးက MPA ကိုပြောသည်။
“ ကျွန်မတို့ရတဲ့ခတ်ခက သူတို့(အလုပ်ရှင်)ဖောက်သည်သွင်းဈေး အထည် ၁ ထည်ရဲ့ ၄ ပုံ ၁ ပုံပဲရှိပါတယ်။ ဥပမာ သူတို့က အထည်တစ်ထည်ကို ရူပီးတစ်ထောင်နဲ့ရောင်းရင် ကျွန်မတို့က ၂၅၀ ရတယ်။ အဲ့ဒီခတ်ခထဲက ကျွန်မတို့မှာ ရေဖိုး၊ မီးဖိုးအပြင် ယက္ကန်းစင်အတွက် ကျခံရတာတွေရှိပါတယ်။ စည်းဆက်ခ၊ ဖဲနှပ်ကောက်ခတစ်ဝက်၊ နှပ်ကော်ခ ကျခံရပါတယ်။ တကယ်ဆို အလုပ်ရှင်ကပဲ ကျခံရမှာမျိုးပါ။ အရင်ကတော့ သူတို့ပဲပေးတာပါ။ အခုနောက်ပိုင်းမှသာ ကျွန်မတို့ခတ်သားတွေကို ကျခံခိုင်းလာတာ။ ကျွန်မတို့ခတ်သားက အရာရာတစ်ဝက်လိုက်စိုက်ထုတ်ပေးနေရရင် အထည်ရောင်းဈေးရဲ့တစ်ဝက်ကို ကျမတို့လည်းရသင့်ပါတယ်။ ခုကတဖြည်းဖြည်းချင်း ခေါင်းပုံဖြတ်လာတာပါ” ဟု ၎င်းက ရှင်းပြသည်။
ယက္ကန်းလုပ်ငန်းရှင်များမှာ အိန္ဒိယနိုင်ငံသား၊ မီဇိုးလူမျိုးများဖြစ်ပြီး မြန်မာယက္ကန်းခတ် စစ်ရှောင်အလုပ်သမားများအနေဖြင့် ယခုကဲ့သို့ လုပ်ခခေါင်းပုံဖြတ်မှုအပေါ် မကျေနပ်သော်လည်း မည်သို့မျှမတတ်နိုင်ကြောင်း ၎င်းကဆက်လက်ပြောသည်။
“ အခုက မလုပ်နိုင်ရင်ထွက်ဆိုတဲ့ သဘောလုပ်လာတာ။ လုပ်မယ့်လူတွေရှိတယ်ဆိုတဲ့ပုံစံပေါ့။ ခတ်ခကိုပါ လျှော့ချလာတာပါ။ ၂၅၀ တန်ကို ၂၀၀ ပဲပေးချင်တာမျိုး။ တချို့က အဲ့ဒီဖဲလွှားကောက်ခကိုပါ အလုပ်ရှင်က မစိုက်တော့လို့ ကိုယ့်ဘာသာကျခံလာရတာမျိုးရှိတယ်” ဟု ၎င်းကဆိုသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် မြန်မာလူငယ်အများအပြား အိန္ဒိယဘက်သို့ထွက်ပြေးခိုလှုံမှုရှိနေသည့်အပြင် ကလေးမြို့နယ်တွင်းတိုက်ပွဲများကြောင့် စစ်ရှောင်အများအပြား အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုလှုံမှုရှိနေသည်။
“ စစ်မှုထမ်းဥပဒေကြောင့်ရော၊ ကလေးဘက်ကတိုက်ပွဲတွေကြောင့်ရော ဒီဘက်(အိန္ဒိယ)ထွက်ပြေးလာကြတဲ့သူတွေ ပိုများလာတယ်။ မုံရွာဘက်က ရွာတွေမီးရှို့ခံရတာကြောင့်ရော လာတဲ့သူတွေရှိတယ်။ တဖွဲဖွဲနဲ့ရောက်လာနေကြတုန်းပဲ။ ဒီလိုပဲ ကိုယ်နဲ့နီးစပ်ရာ အသိတွေနဲ့စုံစမ်းပြီး အဆင်ပြေသလိုနေကြတာပါ” ဟု အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း နေထိုင်သည့် မြန်မာအမျိုးသားတစ်ဦးက ပြောသည်။
အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ကို အိန္ဒိယဗဟိုအစိုးရက ခြံစည်းရိုးခတ်၍ လွတ်လပ်စွာနယ်စပ်ဖြတ်သန်းသွားလာခွင့် (Free Movement Regime)ကို ဖျက်သိမ်းမည်ဖြစ်ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး Amit Shahက ဇန်နဝါရီ ၁၉ ရက်တွင် ပြောဆိုခဲ့သည်။
အိန္ဒိယဗဟိုအစိုးရ၏ ခြံစည်းရိုးခတ်၍ FMR ဖျက်သိမ်းမည့်အစီအစဥ်နှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ်အစိုးရ၊ အင်အားကြီး NGO ဖြစ်သည့် Central Young Mizo Association (CYMA)အပါအဝင် NGO များနှင့် မီဇိုးကျောင်းသားသမဂ္ဂ(MZP)တို့အပြင် မီဇိုးနှင့်နာဂအရပ်ဖက်အဖွဲ့အစည်းများကလည်း ကန့်ကွက်နေကြောင်း သိရသည်။