ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝမ်းဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက္ကဆျားကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ စစ်ကောင်စီက ယမန်နေ့၊၊ မွန်းလွဲ ၂နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့မှုကြောင့် ဘုန်ကြီးကျောင်းအပါအဝင် နေအိမ် ၄လုံးပျက်စီးခဲ့ပြီး ကိုရင်တစ်ပါးနှင့် ကပ္ပိယ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း PNLA က ယနေ့(မတ် ၁၇ရက်)တွင် ထုတ်ပြန်ထားသည်။
“တိုက်ပွဲမဖြစ်ဘူး။ စစ်တပ်က ပအိုဝ်းတပ်ဖွဲ့ရှိလို့ ထင်ပြီး လာကြဲတာနေမှာ။ ရွာထဲ၊ ဘုန်းကြီးကျောင်းထဲ ဘယ်လက်နက်ကိုင်မှ မရှိပါဘူးဗျာ”ဟု ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ကိုရင်နှင့် ကပ္ပိယတို့သည့် လက်ရှိတွင် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။
ပြီးခဲ့သည့် မတ် ၈ ရက်တွင်းလည်း ကျောက္ကဆျာကျေးရွာသို့ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၆ လုံးပျက်စီးပြီး ဒေသခံတစ်ဦး သေဆုံးခဲ့သေးသည်။
စစ်ကောင်စီသည် ဘာသာရေးအဆောက်အဦးများ၊ ဒေသခံများ၏ နေအိမ်များကို လေကြောင်း အသုံးပြုတိုက်ခိုက်ခြင်းများသည် ပြည်သူများကို ခြိမ်းခြောက်မှုဖြစ်ပြီး ယခုကဲ့သို့ ဖြစ်စဉ်များမှ ကင်းလွတ်ရန်အတွက် အာဏာရှင်စနစ်ပြုတ်ကျရေးကို ပိုမိုကြိုးစားရမည်ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်ယံက ပြောထားသည်။
မတ်လ ၁၅ ရက်တွင်လည်း ဆီဆိုင်မြို့နယ်၊ ထမ်းယံကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် ဘုန်းကြီးကျောင်းထိခိုက်ပျက်စီးခဲ့ပြီး၊ နေအိမ် ၂လုံးမီးလောင်ပျက်စီးခဲ့သည့်အပြင် သံဃာနှစ်ပါးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။