ရန်ကုန်တိုင်း၊ အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၂၄ဦးကို ခြေထောက်တွင် ဒေါက်ခတ်ကာ အလုပ်ကြမ်းများ ခိုင်းစေနေသည်မှာ ရက်ပေါင်း ၁၃၀ကျော်အထိ ရှိလာလာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားကွန်ရက်က ယမန်နေ့(မတ်လ ၁၆ရက်)တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ(၅)ရက်မှ စတင်ကာ တရားမဝင်ပစ္စည်းများကိုင်ဆောင်သည်ဟူသော အကြောင်းပြချက်ဖြင့် ယနေ့အထိ (မတ်လ ၁၇ရက်)ဒေါက်ခတ်ထားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
” ထောင်ထဲကို တရားမဝင်ပစ္စည်းဖြစ်တဲ့ စာရွက်နဲ့ ဘောပင် ကိုင်ဆောင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရိုက်နှက်ပြီး အခုလို လုပ်နေတာပါ၊ လက်ရှိမှာ နိုင်ကျဉ်းတွေကို ဒေါက်ခြေကျင်းတွေခတ်ပြီး အလုပ်ကြမ်းခိုင်းစေမှုတွေလုပ်တယ်။ ဒါကတော့ အကျဉ်းထောင်တွေမှာ စစ်ကောင်စီက ကျွန်စနစ် အသက်သွင်းနေတာဖြစ်တယ်။ ဘယ်နိုင်ငံရဲ့ အကျဉ်းထောင်တွေမှာမှ မရှိတဲ့ လူမဆန်တဲ့ခိုင်းစေမှုမျိုးကို မြန်မာပြည်ရဲ့ အကျဉ်းထောင်တွေမှာလုပ်နေတယ်ဆိုတာ ကျတော်တို့ ပြည်သူတွေကို အသိပေးချင်ပါတယ် ” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
နိုင်ငံရေးအကျဉ်းသား များဖြစ်ကြသည့် ဦးထင်ကျော်၊ ကိုဇော်နိုင်ထွန်း၊ ကိုမျိုးမင်းဦး၊ ကိုဗလကြီး၊ ကိုရဲမင်းထွေး၊ ကိုချမ်းမြေ့ကိုကို၊ ကိုလှဦးမောင်၊ ကိုဝေမင်းအောင်၊ ကိုကျော်သက်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသား (၂၄)ဦးကို ထောင်အာဏာပိုင်များက မျက်နှာကို ခေါင်းစွပ်များစွပ်၍ လက်ထိပ်နောက်ပြန်ခတ် ရိုက်နှက်ကာ တိုက်၃လပိတ်ခဲ့ကြောင်း ကိုသိုက်ထွန်းဦးက ဆက်လက်ရှင်းပြသည်။
ထိုသို့ ရိုက်နှိက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ရသူများသာ ဆေးကုသခွင့်ရရှိခဲ့ပြီး ကျန်နိုင်ငံရေးအကျဉ်းသားများမှာ ဆေးကုသခွင့်မရရှိခဲ့ကြောင်း သိရသည်။
” လက်ထိပ်နောက်ပြန်ခတ်တယ်။ ခေါင်းစွပ်စွပ်တယ်။ ပြီးတာနဲ့ တန်းရိုက်တာဖြစ်တဲ့အတွက် ရိုက်နှက်ခံရတဲ့အချိန်မှာ မည်သူမည်ဝါရိုက်တယ်ဆိုတာ မသိရဘူး။ ဒဏ်ရာ၊ ဒဏ်ချက်တွေ ပေါက်ပြဲဒဏ်ရာတွေ ရရှိတာမျိုးတွေရှိတယ်။ ဆေးကုသခွင့်က အကုန်လုံး မရဘူး၊ အရမ်းစိုးရိမ်ရတဲ့ ဆိုးရွားတဲ့ အခြေအနေမျိုးရှိတဲ့သူမှသာလျှင် ဆေးကုခွင့် ပေးပါတယ် “ ဟု အင်းစိန်အကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
” စာရွက်နဲ့ ဘောပင်ကိုင်ရုံနဲ့ တရားမဝင်ပစ္စည်းတွေ ကိုင်ဆောင်တယ်လို့ ၊ သူတို့(စစ်ကောင်စီတပ်) တံဆိပ်ကပ်လို့ရတဲ့အနေအထားမှာ ရှိနေတယ်။ အာဏာသိမ်းပြီးကတည်းက အကျဉ်းထောင်တွေထဲမှာ စာရွက်ဘောပင် ကိုင်ဆောင်ခွင့်တွေကို ပိတ်ပင်ခံထားရတာပါ၊ အရင် ကိုလိုနီခေတ်တုန်းကဝောာင်မှ ထောင်တွေထဲမှာ စာရွက် ဘောပင်ကိုင်ပြီး စာအုပ်တွေ ရေးလို့ရတာမျိုးတွေလေ၊ အခုတော့ ဒါက ပြစ်မှုတစ်ခုလိုဖြစ်နေပြီး ရိုက်နှက်တာတွေ တိုက်ပိတ်တာတွေ ဖြစ်နေပါတယ် ” ဟု မြင်းခြံအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိ အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေးဆုံးရှုံးမှု၊ အကျဉ်းသားအခွင့်အရေးဆုံးရှုံးမှုများသည် လျော့ကျသွားခြင်းမရှိဘဲ ပို၍ပင် ဆိုးရွားလျှက်ရှိနေခြင်းသည် သတိထားဖွယ်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က အသိပေးထားသည်။