ကချင်ပြည်နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့သော ၂၀၁၁ တကျော့ပြန်စစ်ပွဲကာလမှစ၍ ပိတ်ထားရသည့် KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အဝင်လမ်းနှင့် မုဒ်ဝဂိတ်ကို ယမန်နေ့ (မတ် ၁၆ ရက်) တွင် KIA မှ ရှင်းလင်းပြီးနောက် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ စစ်မြေတလင်းဖြစ်သွားလို့ လမ်းပိတ်ပြီး တောပုံစံဖြစ်သွားတာ၊ နှစ်တွေ ကြာသွားတော့ ကတ္တရာလမ်းပျောက်သွားတာ၊ အခု နှစ်တွေ အကြာကြီးနေမှ ပြန်ဖွင့်တော့ ပျော်တယ်” ဟု လိုင်ဇာဒေသခံတစ်ဦးက MPA သို့ ပြောသည်။
“ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်မှာရှိတာ၊ ဗန်းမော်နဲ့ဆို သုံးနာရီလောက်ပဲ မောင်းရတယ်လေ” ဟု ဗန်းမော်ဒေသခံတစ်ဦးက ဆိုသည်။
မတ် ၇ ရက်မှစ၍ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ၊ မတ် ၁၅ ရက်တွင် လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီတပ်၏ အမာခံရှေ့တန်းစခန်းကုန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။
ထို့ပြင် မတ် ၁၅ ရက်တွင် နောက်ဆုံးသိမ်းပိုက်ခဲ့သည့် ဘွမ်ရေဘွမ်တပ်စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့များကိုလည်း လိုက်လံရှင်းလင်းနေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“ ဘွမ်ရေဘွမ်ကနေ ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက နားလုံကျေးရွာဘက်ကို ပြေးကြတယ်။ အဲ့ဒီ့နေ့ကတည်းက (မတ် ၁၅ ရက်) လိုက်လံ ရှင်းလင်းနေတာ၊ ဘွမ်ရေဘွမ်နဲ့အတူတူ လိုင်စင်ဘက်က ဗန္ဒုလစစ်တပ်ကုန်းကိုလည်း သိမ်းနိုင်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ ပူတာအို – မြစ်ကြီးနားလမ်းပိုင်းရှိ၊ ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲကိုလည်း ဖော်ဆောင်လျက်ရှိသည်။