စစ်ကိုင်းတိုင်း၊ ဝက်လက် မြို့ပေါ်ရပ်ကွက်အချို့တွင် စစ်မှုထမ်းရန်အတွက် လူစာရင်းကောက်ခံနေပြီး ဝါဒဖြန့်စာစောင်များလည်း ဖြန့်ချိနေကြောင်း သိရသည်။
မတ်လ၁၅ရက်တွင် ဝက်လက်မြို့၊ အမှတ်-၃ ရပ်ကွက်အတွင်း လူစာရင်းကောက်ခြင်းနှင့် စစ်မှုထမ်းဥပဒေဆိုင်ရာ ဝါဒဖြန့်စာစောင်များကိုလည်း တစ်အိမ်တက်ဆင်းလိုက်လံဝေငှခဲ့ကြောင်း ဝက်လက်မြို့ခံအချို့ထံက သိရသည်။
‘လူငယ်စာရင်းကောက်နေပြီ။လူစာရင်းကောက်တာနဲ့ပတ်သက်ပြီး လူတွေကိုတော့အုပ်ချုပ်ရေးမှူးရုံး တွေမခေါ်သေးဘဲ စာရင်းပဲကောက်သေးတာပါ။အုပ်ချုပ်ရေးမှူးတွေဦးဆောင်တာပါ” ဟု ဝက်လက်မြို့ခံတစ်ဦးကပြောသည်။
ယင်းသို့ လူစာရင်းကောက်ခံနေခြင်းနှင့် မြို့ကြီးအချို့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်စာများ ပေးပို့နေပြီဖြစ်၍ ဝက်လက်မြို့ပေါ်ရှိ စစ်တပ်ထဲမဝင်ချင်သည့် လူငယ်များ အခက်တွေ့နေကြောင်း သိရသည်။
“ စစ်မှုမထမ်းချင်တဲ့လူငယ်တွေအများကြီးပဲ။ စစ်မှုမထမ်းဘဲ တခြားဘယ်ကိုသွားရမလဲမသိကြလို့ လူငယ်တွေလည်း အခက်တွေ့နေတယ်” ဟုဝက်လက်မြို့နေလူငယ်တစ်ဦးကပြောသည် ။
ဝက်လက်မြို့နယ်အတွင်း PDF တပ်ဖွဲ့များရှိသဖြင့် PDF ထဲသို့ ဝင်လိုသည့် လူငယ်များအတွက် အခက်အခဲမရှိသော်လည်း စစ်တပ်ထဲလည်း မဝင်ချင်၊ PDF လည်း မလုပ်လိုသော လူငယ်များအ တွက် အခက်အခဲများစွာရှိကြောင်း သိရသည်။
ဖေဖေါ်ဝါရီ၁၀ရက်တွင် စစ်ကောင်စီ က စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ပြီးနောက် ဝက်လက်မြို့ပေါ် ၌ အကြောင်းမဲ့ ဖမ်းဆီးခံရသည့်လူငယ် ၇ဦး ရှိပြီး တစ်ဦးလျှင် ကျပ် ၃သိန်း ဝန်းကျင် ပေးမှ ပြန်လွတ် လာကြောင်း ၎င်းကပြောသည်။