မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးဆုံရွာအခြေစိုက် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ဒုတပ်ကြပ် ၁ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
မတ်လ ၁၄ရက်၊ နံနက် ၁၀နာရီဝန်းကျင်က လေးဆုံရွာ အုပ်ချုပ်ရေးမှူးအိမ်တွင် တပ်စွဲနေထိုင်နေသော စစ်သားနှင့် ပျူအင်အား ၂၀ဝန်းကျင်တို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိ သူတို့မှာ ပျူစောထီး ၁ဦး နှင့် တပ်ကြပ် ၁ဦးတို့ ဖြစ်ကြောင်း မြင်းခြံခရိုင်တပ်ရင်း – ၃ (MGN District MDA 3) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ အထိုင်ချထားတာ။ ရွာထဲ ဥက္ကဌအိမ်မှာ ပျူတွေနဲ့နေတာ။ ဝေဟင်ကနေ ဒရုန်းနဲ့ချတဲ့သူကချ ၊မြေပြင်ကဝင်စီးတဲ့သူကစီးပေါ့” ဟု ၎င်းကပြောသည်။
ထိတွေ့တိုက်ပွဲမှာ ၄၅မိနစ်ဝန်းကျင် ဖြစ်ပွားခဲ့ပြီး သိမ်းပိုက်ရရှိကာနီးမှ PDFရဲဘော် ၃ဦး ဒဏ်ရာရခဲ့သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း တိုက်ပွဲဝင်ရဲဘော်တစ်ဦးကပြောသည်။
“ သူတို့က တိုက်ထဲမှာ ပိတ်မိနေပြီး ထွက်ပေါက်ကမရှိတော့ဘူး။ ဒါပေမဲ့ ကျနော်တို့ဘက်က ရဲဘော် ၃ယောက်ထိလို့ ပြန်ဆုတ်ခဲ့ရတယ်” ဟု ၎င်းကပြောသည်။
ဒဏ်ရာရ ရဲဘော် ၃ဦးမှာ မြင်းခြံခရိုင်တပ်ရင်း – ၃ မှ ဖြစ်ပြီး ဆေးကုသမှုခံယူလျက်ရှိရာ အခြေအနေ မစိုးရိမ်ရကြောင်း သိရသည်။
စစ်ကောင်စီတပ်ဘက်က သေဆုံးမှုကို ဒေသခံများ၏ ပြောကြားချက်အရ အတည်ပြုနိုင်ခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း – MDA-3 ၊ မြင်းခြံခရိုင် အမှတ်(၁) တပ်ရင်း၊ MGN Ranger-မြင်းခြံခရိုင်အမှတ်(၂)တပ်ရင်း၊တပ်ခွဲ(၃)၊ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်း – NRDFနှင့် မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်အုပ်စုဝင်များ သေဆုံး၊ ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။