ပြည်သူတို့၏ အသက်ကိုကယ်တင်ရန် ကုလ ဘယ်ရောက်နေလဲဟု မြန်မာပြည်သူတို့က မေးခွန်းထုတ်နေကြပြီဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားလိုက်သည်။
မတ်လ ၁၃ရက်၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ် လုံခြုံရေးကောင်စီ၌ ” ပဋိပက္ခ ကြိုတင်ကာကွယ်မှုမြှင့်တင်ရေး – အမျိုးသမီးနှင့် လူငယ်များအပါအဝင် လုပ်ဆောင်သူများအားလုံးကို လုပ်ပိုင်ခွင့်ပိုမိုပေးရေး” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် တံခါးဖွင့်အစည်းအဝေးတွင် သံအမတ်ကြီးဦး ကျော် မိုးထွန်း တက်ရောက်မိန့်ခွန်းပြောရာ၌ ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီတပ်၏ ဥပဒေမဲ့စစ်သားစုဆောင်းရေးကြောင့် မြန်မာလူငယ်များအနေဖြင့် အလွန်ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်နေရကြောင်း၊ မြန်မာနိုင်ငံအား မည်သည့်ပြည်ပတိုင်းပြည်များက ကျူးကျော်နေခြင်းမရှိကြောင်း၊ မည်သည့်ပြည်ပအန္တရာယ် တခုခုကမျှ မြန်မာပြည်သူလူထု၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခြောက်နေခြင်းမရှိကြောင်း၊ အကြမ်းဖက်စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုတို့ကသာ မြန်မာပြည်သူလူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို မိနစ်တိုင်း၊ စက္ကန့်တိုင်းတွင် ခြိမ်းခြောက်နေကြောင်းလည်း ထည့်သွင်းပြောကြားထားသည်။
မုံရွာမြို့ခံ အမျိုးသမီးတစ်ဦးက မြို့ပေါ်၌ပင် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးနေခြင်းနှင့် စစ်မှု ထမ်းရန်အတွက် အိမ်ထောင်စုစာရင်းများလိုက်ကောက်နေခြင်းတို့ကြောင့် လုံခြုံမှုမရှိတော့ သည့် မြို့ ပြကိုစွန့်ကာ PDF စိုးမိုးနယ်မြေသို့ ပြောင်းရွှေ့ ခိုလှုံနေပြီဖြစ်ကြောင်း ဆိုသည်။
“ အမျိုးသမီးတွေကို မခေါ်သေးဘူးဆိုပေမဲ့ နေရတာ စိတ်ရောလူရော လုံခြုံမှုမရှိတော့ဘူး။ ဘာမှမဖြစ်ခင် ကြိုတင်ပြီး ရှောင်တိမ်းထားတာ ပိုကောင်းမယ်ဆိုပြီး တွေးမိလို့ ခုလိုထွက်လာလိုက်တာ။ အိမ်က မောင်ကလည်း အသက်မပြည့်သေးဘူးဆိုပေမဲ့ ယောကျာ်းလေးဖြစ်နေတော့ လှမ်းစိတ်ပူနေရတယ်” ဟု ၎င်းကပြောသည်။
စစ်အာဏာရှင်များက မြန်မာလူငယ်များကို စစ်မှုထမ်းရန် အတင်းအကျပ်ခိုင်းစေလျက်ရှိပြီး ယင်းလုပ်ရပ်မှာ နိုင်ငံကို ကာကွယ်ရန်မဟုတ်ဘဲ နိုင်ငံတစ်ဝန်းတွင် ပေါ်ပေါက်နေသော တော်လှန်ရေးအင်အားစုများအား ရင်ဆိုင်ရာ၌ လူသားဒိုင်းနှင့် ပေါ်တာအဖြစ်အသုံးပြုရန်လုပ်ခြင်းသာဖြစ်ကြောင်းလည်း သံအမတ်ကြီးက ဆိုသည်။
မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခများလျော့ပါးစေရန်အတွက် ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ချမှတ်ပေးရန် လုံခြုံရေးကောင်စီအား ထပ်တလဲလဲတောင်းဆိုခဲ့ ကြောင်းမြန်မာပြည်သူများအနေဖြင့် ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီက ကူရာကယ်ရာမဲ့နေသည့် မြန်မာပြည်သူများအား ကူညီပေးရန် ကြိမ်ဖန်များစွာ မေတ္တာရပ်ခံ တောင်းဆိုလျက်ရှိသော်လည်း ထိရောက်သော အရေးယူဆောင်ရွက်ချက်များ နှင့် အလေးဂရုပြုအာရုံစိုက်မှုများပင် မရှိသည့်အတွက် ယခုကဲ့သို့ တောင်းဆိုနေရသည့်အပေါ် စိတ်ပန်းလူပန်းဖြစ်လာပြီဖြစ်ကြောင်းလည်း သံအမတ်ကြီးက ဆိုသည်။
ရန်ကုန်အခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက “ ကုလသမဂ္ဂဟာ စစ်ကောင်စီနဲ့ ကြံရာ ပါတွေလားလို့တောင် မြန်မာပြည်သူတွေက မေးခွန်းထုတ်နေကြပြီ။ဘာလို့လဲဆိုတော့ စစ်ကောင်စီ ရဲ့ပြည်သူအပေါ် ပစ်မှတ်ထားကျူးလွန်မှုတွေကို ကုလသမဂ္ဂက မြင်ရုံတင်မကဘူး။အချက်အလက် ခိုင်ခိုင်လုံလုံနဲ့ သိရှိနေပေမဲ့ ထိရောက်စွာ အရေးယူဖို့ ပျက်ကွက်နေတာကြောင့်ပါပဲ” ဟု ပြောသည်။
လုံခြုံရေးကောင်စီအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အတည်ပြုချမှတ်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆို -၂၆၆၉ ၏ နောက်ဆက်တွဲအဖြစ် ပိုမိုထိရောက်၍ စည်းနှောင်မှုရှိသော ဆုံးဖြတ်ချက်အဆိုတစ်ခုအား ထပ်မံချမှတ်နိုင်ရန် မောပန်းနွမ်းလျနေသော မြန်မာပြည်သူများကိုယ်စား ထပ်လောင်း တိုက်တွန်းလိုကြောင်း၊အပြစ်မဲ့သော အသက်များကို ကယ်တင်နိုင်ရေးအတွက် စစ်ကောင်စီထံ လက်နက်နှင့် လေယာဉ်ဆီစီးဆင်းမှုအား တားဆီး ပိတ်ပင်ပေးရန်၊ ကြီးလေးသော အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု ကျူးလွန်ခြင်းများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီရေး လမ်းကြောင်းများအား ပိတ်ဆို့ထားသည့်အပေါ် ဖြေရှင်းပေးရန်နှင့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးမှုရှိသည့် ပတ်ဝန်းကျင်တစ်ရပ် ပေါ်ထွန်း လာရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးရန် လုံခြုံရေးကောင်စီအား မေတ္တာရပ်ခံ ကြောင်းလည်း သံအမတ်ကြီးကပြောသည်။