မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ဂွေးကုန်းကျေးရွာနှင့် သပြေကန်ကျေးရွာတွင် စစ်မှုထမ်းရန် မဲနှိုက်ရွေးချယ်ပြီး မဲပေါက်သည့်သူများ စစ်မှုမထမ်းလိုပါက သိန်း ၁၀၀ ပေးလျှင် ကင်းလွတ်ခွင့်ပေးမည်ဟုဆိုကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ( မတ်လ ၁၅ရက် )က ဂွေးကုန်းကျေးရွာနှင့် သပြေကန်ကျေးရွာတို့တွင် စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးက တစ်အိမ်တစ်ယောက် မလာမနေရစနစ်ဖြင့် အစည်းအဝေးခေါ်ယူပြီး စစ်မှုထမ်းရန် မဲနှိုက်ရွေးချယ်ခဲ့ကြောင်း ယင်းရွာမှပြည်သူများနှင့်နီးစပ်သူတစ်ဦးက MPA ကိုပြောသည်။
” အုပ်ချုပ်ရေးမှူးကနေ အစည်းအဝေးခေါ်တာဗျ၊ သူ့ကိုလည်း အထက်ကခေါ်ပြီး ဒီလိုလုပ်ခိုင်းလို့ ခေါ်ရတာပါပေါ့၊ တစ်အိမ်တစ်ယောက်မလာမနေရ၊ ယောင်္ကျားသားမရှိရင် မိန်းမတွေ လာပေါ့၊ လိုတဲ့အိမ်တွေကို ဆယ်အိမ်ခေါင်းတွေကို လိုက်ခေါ်ခိုင်းတယ်။ အိမ်ထောင်စုစာရင်းထဲ ယောင်္ကျားသားရှိရင် လာတဲ့လူက မဲနှိုက်ရတယ် ” ဟု ၎င်းကပြောသည်။
စစ်မှုထမ်းရန် တစ်ရွာကို သုံးလလျှင် ၂ယောက်သာ ခေါ်ယူမည်ဖြစ်ပြီး မဲပေါက်သည့်သူများကို အချိန်မရွေးလာရောက်ခေါ်ဆောင်မည်ဖြစ်ကာ၊ အကယ်၍ စစ်မှုမထမ်းလိုပါက ကျပ်ငွေ သိန်း ၁၀၀ ပေးလျှင် ကင်းလွတ်ခွင့်ပြုမည်ဟု ပြောဆိုကြောင်း ၎င်းကရှင်းပြသည်။
” မဲလိပ်တွေအကုန်လုံးမှ ၂လိပ်ပဲ ပေါက်မဲဗျ။ ၃လတဖြတ်လာခေါ်လို့ မဲပေါက်ထားတဲ့သူတွေ မလိုက်နိုင်ရင် တစ်ယောက်ကို သိန်း ၁၀၀နဲ့ သိန်း၂၀၀ပေးပေါ့၊ အဲဒါဆို မလိုက်လည်းရတယ်လို့ ပြောတယ် ” ဟု ၎င်းကပြောသည်။
ယင်းကဲ့သို့ ငွေနှင့်ဖြေရှင်းရသည်ဟုဆိုသော်လည်း ရွာသားများမှာ လက်လုပ်လက်စားများဖြစ်သည့်အတွက် ငွေကြေးအရ တတ်နိုင်ခြင်းမရှိကြောင်း အမည်မဖော်လိုသည့်ရွာသားတစ်ဦးက ပြောသည်။
” ကျတော်တို့က တောင်သူတောင်သား လက်လုပ်လက်စားတွေလေ၊ နွေဆိုတော့ ထန်းတက်တဲ့အလုပ်လောက်ရှိတာ၊ ဒါတောင် ထန်းမရှိတဲ့လူတွေ တက်မရဘူးရယ်။ ခေတ်မကောင်းတော့ ဝေးဝေးလံလံလဲသွားမလုပ်ရဲဘူး။ ဒီလိုပဲ မိုးတွင်း အလုပ်ပေါတုန်းက စုဆောင်းထားတာလေးနဲ့ ချွေတာစားသောက်နေရတာ” ဟု ၎င်းကပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့်မတ်လ ၁၃ ရက်နေ့မှစတင်၍ ကျေးရွာအုပ်စုများ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များထံ ညွန်ကြားကာ စစ်မှုထမ်းမည့် စာရင်းများ ကောက်ယူခြင်း၊ မဲနှိုက်ခိုင်းခြင်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်။