မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးကျင်းပနေစဉ် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပညာရေးဝန်ထမ်းတစ်ဦး သေဆုံးပြီး ၄ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်၊ဂဝံလေးတိုင်ကျေးရွာစာသင်ကျောင်းတွင် မတ်လ၁၃ရက်၊နံနက်၁၀နာရီခွဲခန့်က မြို့နယ်အဆင့် ပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့(ပခုက္ကူပအဖ) အစည်းအဝေးကျင်းပနေစဉ် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ဒဏ်ရာရသူ ၄ဦး မှာ ပခုက္ကူမြို့နယ်ပအဖအဖွဲ့ဝင်များဖြစ်ကာ မစိုးရိမ်ရဒဏ်ရာရခဲ့ကြောင်း ပခုက္ကူမြို့နယ်ပအဖ ထံက သိရသည်။
“ အစည်းဝေးလုပ်နေချိန် လေယာဥ်နဲ့ ဗုံး၂လုံးလာချတယ်။ ကျနော်တို့အစည်းအဝေးလုပ်နေတဲ့ အဆောင်မှာမဟုတ်ဘူး။ဘေးကအဆောင် ၂ ခုပေါ်ကျလို့ အကုန်မသေတာ။သေတဲ့ဆရာက လေယာဥ်ကြဲလို့ပြေးရင်း ဗုံးစထိပြီးသေတာ” ဟု ပခုက္ကူမြို့နယ်ပအဖတာဝန်ခံကပြောသည်။
စစ်ကောင်စီတပ်က ဂျက်ဖိုက်တာပေါ်မှနေ၍ စက်သေနတ်ဖြင့်လည်း ပစ်ခတ်ခဲ့သေးပြီး ဗုံးထိမှန်သည့် ကျောင်းအဆောင်နှင့် မော်တော်ကားတစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။
“ သတင်းပေါက်တယ်လို့ပြောရအောင်လည်း ကျနော်တို့ဘက်ကသိုသိုသိပ်သိပ်လုပ်တာဆိုတော့သတင်းပေါက်စရာအကြောင်းမရှိပါဘူး။ကျနော်တို့လည်းဘာကြောင့်ဆိုတာ စုံစမ်းနေပါတယ်” ဟု ၎င်းကပြောသည်။
သေဆုံးသွားသည့် ပညာရေးဝန်ထမ်းဆရာကို သင်္ဂြိုလ်ပြီးပြီဖြစ်ကြောင်း သိရသည်။
“ ကျနော် အဲ့ဘက်ကိုအလုပ်ကိစ္စနဲ့သွားခါနီး၊ ရောက်ခါနီးလေးပဲ လေယာဥ်ကြဲတာ၊ဂျက်ဖိုက်တာပေါ့။ ချက်ချင်းအကာအကွယ်ရှာရတယ်။ ပြေးပုန်းရတယ်။ထူပူနေတာနဲ့ဘာမှတောင်မသိလိုက် ဘူး” ဟုဒေ သ ခံတစ်ဦးကပြောသည်။
တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စာသင်ကျောင်းပေါ်သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း ပခုက္ကူမြို့နယ်ပအဖက သတင်းထုတ်ပြန်ထားသည်။