စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာတွင် တပ်စွဲနေသော စစ်သားများကို သွားရောက်တိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကြောင်း People Defense Force – South Monywa – V4 က သတင်းထုတ်ပြန်သည်။
မတ်လ ၁၃ ရက်၊ ညနေ ၄ နာရီ ၂၅ မိနစ်ခန့်တွင် မြင်းမူမြို့နယ်၊ဝမ်းပြည့်ကျေးရွာ အနောက်ဘက်ရှိ ဘုန်းကြီးကျောင်း၌ အင်အား ၅၀ ခန့်ဖြင့် တပ်စွဲနေသည့် စစ်သားများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နာရီဝက်ခန့်ကြာ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ဘုန်းကြီးကျောင်းက စစ်ကြောင်းက မြင်းမူမြို့ထဲကနေ လွန်ခဲ့တဲ့ ၃ ရက်လောက်က ရောက်တာ။သတင်းရလို့ ကျနော်တို့က သွားတိုက်တာ။စစ်သားတစ်ယောက် ဆဲပြီး ရှေ့တက်ပစ်တာမှာ ကျနော်တို့ ရဲဘော်တွေပစ်လို့ ဆန်ခါပေါက်ဖြစ်ပြီး သေသွားတာကိုတော့ မျက်မြင်တွေ့ရပါတယ်။ ကျန်တာကတော့ ကျနော်တို့ ယုံကြည်ရတဲ့ အတွင်းသတင်းက သတင်းရတာပါ” ဟု People Defense Force-South Monywa – V4 တာဝန်ခံ ရဲဘော်ဒေါင်းကာရန် ကပြောသည်။
ယင်းစစ်တပ်သည် ည ၇ နာရီခန့်တွင် သေဆုံးစစ်သားများနှင့်ဒဏ်ရာရရှိသူများကို သယ်ဆောင်ပြီး မြင်းမူမြို့ထဲသို့ ခြေလျင်ဆုတ်ခွာသွားကြောင်းသိရသည်။
“ညပိုင်း မှောင်ခါနီးလောက်မှာပဲ ဘုန်းကြီးကျောင်းကနေ မြင်းမူကို ခြေလျင်ပြန်ဆုတ်သွားတယ်။ရွာကိုတော့ ဘာမှလုပ်မသွားဘူး”ဟု မြေပြင်တိုက်ပွဲဝင် PDFရဲဘော်တစ်ဦးကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်-၁၁ တပ်ရင်း People Defense Force-South Monywa – V4 ၊တပ်ခွဲ(၁)၊မုံရွာခရိုင်အမှတ် – ၁၁ Black Hunter People’s Task Force၊ Myinmu Fighter ပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းဘုရင်၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ Myinmu Revolution Force၊DKBA – ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့်အညာညီနောင်တပ်ပေါင်းစု – ABC တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးခြင်းမရှိပေ။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။