မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီရဲစခန်းမှ ရိက္ခာရှာရန်ထွက်လာသည့် အင်အား ၁၀ ဦးကျော်ပါ စစ်ကောင်စီတပ်စိတ်တစ်စိတ်ကို ဂန့်ဂေါခရိုင်တပ်ရင်း – ၁၅၊ ၁၆၊ ၁၇ (YRA-ထီးလင်း)က မတ်လ ၁၃ ရက် ညနေ ၅ နာရီအချိန်ခန့်တွင် တိုက်ခိုက်ခဲ့သဖြင့် စစ်သား ၄ ဦးသေဆုံးသွားကြောင်း ယနေ့သတင်းထုတ်ပြန်သည်။
ရေမျက်နီကျေးရွာ အရှေ့ဘက်ပိုင်းသို့ထွက်ခွာလာသည့် စစ်ကြောင်းကို YRA (ထီးလင်း)က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ တစ်နာရီခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း YRA (ထီးလင်း)၏ တပ်ရင်းမှူးသခင်ဇော်က MPA ကိုပြောသည်။
“ ကျွန်တော်တို့ထိတွေ့တိုက်ပွဲဖြစ်တဲ့အချိန်မှာ သူတို့ရဲစခန်းကုန်းကနေ လက်နက်ကြီးပစ်ကူတွေ တရစပ်ပေးခဲ့တယ်။ အထိအခိုက်က ကျွန်တော်တို့ရဲဘော်တွေရဲ့မျက်မြင်အရရော၊ ခိုင်လုံတဲ့အတွင်းသတင်းတစ်ခုအရရော စစ်ကောင်စီက ၄ ယောက်ကျဆုံးတယ်လို့ကျွန်တော်တို့ သိရပါတယ်ဗျ။ ကျွန်တော်တို့ဘက်ကတော့ တစ်ယောက်မှထိခိုက်ဒဏ်ရာမရှိဘဲနဲ့ ဆုတ်ခွာနိုင်ခဲ့ပါတယ်ဗျ” ဟု ၎င်းကရှင်းပြသည်။
ရေမျက်နီစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်များက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်မှကစတင်၍ တစ်ပတ်ကြာစခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ ၈၀ ရာခိုင်နှုန်းသိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်းပစ်ကူများစွာအသုံးပြုခြင်းနှင့် မြေပြင်စစ်ကူများရောက်ရှိလာခြင်းကြောင့် ခေတ္တနောက်ဆုတ်ခဲ့ရကြောင်း ၎င်းကဆက်လက်ပြောသည်။
ထို့နောက် ဒီဇင်ဘာ၊ ၁၈ ရက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောက်ကျားတိုက်ခိုက်မှုကြောင့် ဂန့်ဂေါမြို့ခလရ (၅၀)မှ ရေမျက်နီစခန်းသို့ စစ်ကူရောက်လာသည့် စစ်ကောင်စီတပ်ရင်းမှူးအေးမင်း၊ ၎င်း၏ကိုယ်ရေးအရာရှိ(PA)နှင့် စစ်ကောင်စီဆေးမှူးတို့ သေဆုံးခဲ့ရသည်။
“ စခန်းသိမ်းတိုက်ပွဲနောက်ပိုင်းမှာ ကျွန်တော်တို့ကရေမျက်နီစခန်းကို ရိက္ခာဖြတ်တောက်ထားတယ်။ အဲ့ဒီတော့ သူတို့(စကစ)ရိက္ခာပို့စစ်ကြောင်းတွေ ခဏခဏလာကြတယ်ပေါ့နော်။ အဲ့ဒီအခြေအနေမှာ ကျွန်တော်တို့ဖြတ်ဖြတ်တိုက်တာတွေရှိတယ်။ ပြီးတော့ စခန်းကုန်းကနေ ကျေးရွာတွေဘက်ကို ဆင်းဆင်းပြီးတော့ ရိက္ခာရှာတဲ့အဖွဲ့လေးတွေရှိတယ်၊ ရေခပ်ဆင်းတာတွေရှိတယ်။ အဲ့ဒါတွေကို ကျွန်တော်တို့ချောင်းချောင်းတိုက်တာလေးတွေ၊ တိုက်ပွဲငယ်လေးတွေတော့ ပြီးခဲ့တဲ့ ၂ လအတွင်းမှာ ခဏခဏဖြစ်ခဲ့ပါတယ်” ဟု သခင်ဇော်က ဆက်ပြောသည်။
ရေမျက်နီစခန်းကို ကျောရွာအခြေစိုက် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ၂၃)မှ မကြာခဏ ရိက္ခာပို့စစ်ကြောင်းထိုးလျက်ရှိပြီး ရေမျက်နီစခန်းမှလည်း ပတ်ဝန်းကျင်ကျေးရွာများသို့ မကြာခဏရိက္ခာရှာစစ်ကြောင်းထိုးလျက်ရှိကြောင်းသိရသည်။
“ ရေမျက်နီအတွင်းပိုင်းမှာတော့ ပြည်သူတွေနေထိုင်တာ မရှိဘူး။ သူတို့(စကစ)နဲ့ဝေးတဲ့ရွာအစွန်ပိုင်းတွေမှာတော့ အနည်းအကျဥ်းနေထိုင်တာမျိုးရှိတယ်။ တော်တော်များများကတော့ ဘေးလွတ်ရာတွေမှာ ရှောင်တိမ်းနေကြတယ်” ဟု ဒေသခံတစ်ဦးက MPA ကိုပြောသည်။
ပြီးခဲ့သည့်တစ်ပတ်အတွင်းကလည်း ရေမျက်နီရွာအရှေ့ဘက်ရှိ စင်းဆယ်ရွာကို စစ်ကောင်စီကသေနတ်များပစ်ဖောက်၍ ဝင်ရောက်ခဲ့မှုကြောင့် အရပ်သားပြည်သူတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ရကြောင်း ဒေသခံများထံက စုံစမ်းသိရှိရသည်။