မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ချောင်းဆုံရွာသို့ ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ဦးထက်မနည်း သေဆုံးခဲ့ကြောင်းသိရသည်။
မြင်းခြံမြို့ပေါ်မှ ထွက်လာသော အင်အား ၅၀ ဝန်းကျင်ပါ စစ်ကြောင်း တောင်သာမြို့နယ်၊ ချောင်းဆုံရွာအရောက် မတ်လ ၁၂ရက်၊ နံနက် ၈နာရီဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးသီး ၈လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူလည်းများ ကြောင်း Myingyan District Drone Strike က သတင်းထုတ်ပြန်သည်။
“ ချောင်းဆုံရွာထဲရောက်တဲ့အချိန် တိုက်တာ။ တချို့ကျ အိမ်တွေထဲ ဝင်မွှေနှောက်ရှာနေတာရှိတယ်။ ဘုန်းကြီးကျောင်းထဲတွေလည်း လျှောက်သွားနေတာ” ဟု Myingyan District Drone Strike အဖွဲ့တာဝန်ခံကပြောသည်။
စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း PDF ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများသေဆုံးမှုနှင့်ပတ်သက်ပြီး နယ်မြေရှင်းလင်းစဉ် ယူနီဖောင်းများကျန်နေခြင်း၊ တောင်သာမြို့ပေါ်သို့ နာရေးကားများဖြင့် သယ်ဆောင်သွားခြင်းတို့ကို ဒေသခံများကတွေ့မြင် ခြင်းအပေါ်အခြေခံကာ အတည်ပြုနိုင်ခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း -၈ (NRDF )အဖွဲ့ တာဝန်ခံကပြောသည်။
“ ကားပေါ်တွေ အကုန်ဆွဲတင်သွားတယ်။ ပထမတခေါက်ထွက်သွားတော့ ၁၀ ကောင်လောက်ပါသွားတယ်လို့ ရွာထဲကဖြတ်တဲ့အချိန် ပြည်သူတွေရဲ့ ပြောကြားချက်အရသိရတယ်။ ညပိုင်းကျ နောက်တစ်စီး ထပ်ထွက်တယ်” ဟု ၎င်းကပြောသည်။
ယင်းစစ်ကြောင်းသည် မတ်လ၁၂ရက် ညပိုင်း၌ တောင်သာမြို့နားသို့ ထွက်သွားပြီး ယနေ့ (မတ်လ ၁၃ရက်)တွင် တောင်သာမြို့ထဲသို့ ဝင်သွားကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို Myingyan District Drone Strike ၊ မြင်းခြံခရိုင်တပ်ရင်း- ၈ (NRDF)၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team 2နှင့် မလှိုင်မြို့နယ်ပကဖ- MHLG Wing တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
စစ်သားများ သေဆုံးမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။