တနင်္သာရီတိုင်း၊ ဂျိုးတောင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးပူးပေါင်းတပ်များက မတ် ၁၁ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းက မတ် ၁၂ရက်တွင် ထုတ်ပြန်ထားသည်။
ဂျိုးတောင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် အင်အား ၁၀၀ ကျော်ရှိပြီး ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ တစ်နေကုန် တိုက်ပွဲဖြစ်တာဗျ၊ ထူးခြားတာဆိုလို့ သူတို့ဘက်က လက်နက်ကြီး ပစ်တာမရှိဘူး။ ဒါက ဒုတိယအကြိမ် တိုက်ခိုက်တာပါ၊ လိုင်းအခြေအနေအရ အခုမှ ထုတ်ပြန်ဖြစ်တာပါ” ဟု ၎င်းက ပြောသည်။
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ ဂျိုးတောင်ရွာ တိုက်ခိုက်မှုအား မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) (တနင်္သာရီမြို့နယ်ပကဖအဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း (၂) တပ်ခွဲ (၂)၊ ကျွန်းစုမြို့နယ်ပကဖအဖွဲ့၊ ပုလောမြို့နယ်ပကဖအဖွဲ့၊ တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့၊ တနင်္သာရီရိုးမအဖွဲ့၊ တောပုံးကြီးအဖွဲ့၊ တောင်ပံနီအဖွဲ့၊ တိုင်းပကဖလုံခြုံရေးအဖွဲ့နဲ့ Dragon squad ဒရုန်းအဖွဲ့) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
“ မနေ့က သူတို့ဘက်က(စစ်ကောင်စီတပ်) ၁၀ဦး သေတာကိုတော့ အတည်ပြုနိုင်ခဲ့တယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေ ရှိတယ်လို့လည်း သိရတယ်။ ထူးခြားမှုအနေနဲ့ သူတို့ အင်အားဖြည့်ထားတာကို တွေ့ရတယ်၊ ကျတော်တို့ ဘက်က ဒရုန်းရော၊ ၄၀ မမ လက်နက်ကြီးတွေရော သုံးပြီး တိုက်ခဲ့တာပါ၊ အခုတော့ အေးဆေးပါပဲ “ ဟု ပုလောမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အထက်ပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးမှုနှင့် ပက်သတ်၍ MPAအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
အထက်ပါ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဂျိုးတောင်ရွာ အခြေစိုက် ပျူစောထီးတပ်ဖွဲ့ဝင်များအား ဂျိုးတောင်ရွာ ဘုရားရှိခိုးကျောင်းတွင် အင်အားဖြည့်ကာ ကင်းစောင့်ခိုင်းထားပြီး စစ်ကောင်စီတပ်မှလည်း တပ်စွဲထားကြောင်း ဂျိုးတောင်ရွာနေ ဒေသခံပြည်သူတစ်ဦးက ပြောသည်။
“ ၁၁ရက်နေ့၊ ည ၉နာရီလောက်က ကျွန်းစုဘက်ကနေ လူနာတင်ကား ၃စီး လာတယ်။ စစ်သားအလောင်းတွေ လာယူတာလို့ ပြောတယ်။ ည ၁၀နာရီလောက်ကြတော့ ဂျိုးတောင်ရွာ ဘုရားကျောင်းကနေ ဆဲဆိုသံတွေနဲ့ လက်နက်ငယ် ပစ်သံတွေ ဆက်တိုက်ကြားရတယ်။ အခုတော့ ပုံမှန်သွားလာလို့ ရပါပြီ၊ ဂိတ်ကတော့ ရှိတုန်းပေါ့” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်ဘက်မှ လုံခြုံရေး တင်းကျပ်ကာ တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိပြီး လေကြောင်းအန္တရာယ် စိုးရိမ်သဖြင့် ဗုံးခိုကျင်းများတူးရန် ပြည်သူများကို တော်လှန်ရေးတပ်များက အသိပေးနှိုးဆော်ထားကြောင်း သိရသည်။