မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဈေးဝယ်လာသည့် မြေးအဖွားနှစ်ဦးအနက် မြေးဖြစ်သူ ၂နှစ်အရွယ်ကလေးငယ်များ ကားလမ်းဖြတ်ကူးစဉ် ကားတိုက်ခိုက်ခံရပြီးသေဆုံးခဲ့ကြောင်း စေတနာရှင် လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယနေ့ ( မတ်လ ၁၃ရက်)၊ မနက် ၆နာရီ ၄၅မိနစ် အချိန်တွင် သံဖြူဇရပ်-ရေး အဝေးပြေးလမ်းမကြီး၊ ဝယ်ကလီကျေးရွာအနီးတွင် အထက်ပါယဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ အဲဒီအနားက အသားငါးတွေ ရောင်းတဲ့ ဈေးဆိုင်တန်းပေါ့၊ ကလေးနဲ့ အဖွားဖြစ်သူနဲ့က ဈေးလာဝယ်တယ်။ လာဝယ်တဲ့အချိန်မှာ ကလေးကို လမ်းဘေးမှာ အောက်ချထားတယ်။ ကလေးကလည်း လမ်းစလျှောက်တတ်တဲ့ အရွယ်ပဲလေ၊ အဲဒီမှာ ကလေးက လမ်းမပေါ်ကို တက်သွားတာ၊ ကားကလာတဲ့အချိန် တိုက်မိတာပါ” ဟု ၎င်းက ပြောသည်။
ထို့သို့ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ၂နှစ်အရွယ် ကလေးငယ်မှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ ကလေးကလည်းသေးသေးလေးဆိုတော့ ကားသမားက မမြင်တာဖြစ်မယ်၊ ကားအောက်ကို ကလေးရောက်သွားပြီး အကြိတ်ခံရတော့ အကုန်လုံး ဝိုင်းအော်မှ သိတာ” ဟု မျက်မြင်တွေ့ခဲ့ရသူတစ်ဦးက ပြောသည်။
ယခုလက်ရှိတွင် ကလေးငယ်အား တိုက်မိခဲ့သည့် ယာဉ်မောင်းအမျိုးသားအား သံဖြူဇရပ်မြို့နယ် ရဲစခန်းတွင် အမှုဖွင့်ကာ ဖမ်းဆီးထားကြောင်း သိရသည်။